အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ အရင်ရက်သတ္တပတ်တွေတုန်းက ဘာသာပြန်စာအုပ်တွေကို ညွှန်းဆိုခဲ့ပေးပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ ရသစာပေဘက်ကို

သွားကြရအောင်လား.. ကြုံတုန်းလေး လျှာရှည်ရရင်ဖြင့် ရသစာပေတွေက ဒီဘက်ခေတ်မှာ အတော်ကို နည်းလာတယ်လို့ ဆိုရမှာပါ။ ရသစာပေကို နိုင်နင်းတဲ့ စာရေးဆရာတွေဆိုတာလည်း လက်ချိုးရေလို့တောင် ရပါတယ်။

သုတစာပေတွေက ဗဟုသုတတွေ ပေးနိုင်သလို ရသစာပေတွေကလည်း နှလုံးသားအာဟာရတွေ ဖြည့်ဆည်းပေးနိုင်တာပါပဲ။ တွက်ရေးချက်ရေးနဲ့ ကျင်လည်နေရတဲ့ ကြမ်းတမ်းတဲ့ လောကကြီးမှာ ကျွန်တော်တို့ နှလုံးသားတွေ အနားရစေဖို့ ရသစာပေတွေက ဆေးကောင်းတစ်လက်ပဲ မဟုတ်လား… ကဲ.. ဒီလိုဆိုရင်ဖြင့် ကျွန်တော် လျှာရှည်တာလေး ရပ်ပြီး စာအုပ်တွေဘက် ပြန်လှည့်ကြရအောင်… ပထမဆုံး ညွှန်းပေးချင်တဲ့ စာအုပ်ကတော့

၁။ တောမင်းသမီး (ခင်ခင်ထူး)ဆရာမ ခင်ခင်ထူးရဲ့ လက်ရာတွေကတော့ သိတဲ့အတိုင်းပါပဲ။ အညာနံ့လေး သင်းသင်းနဲ့ ကျေးရွာဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတွေကို ထင်ထင်ရှားရှား ပြနိုင်တယ်ဆိုတာ ငြင်းစရာကို မလိုပါဘူး။ ထပ်ပြီး လေးစားစရာကောင်းတာက ဆရာမ ခင်ခင်ထူးဟာ စာအုပ်တစ်အုပ်ရေးဖို့ အချိန်အတော်ယူ၊ လေ့လာမှုတွေလုပ်ပြီးမှ ရေးတယ်ဆိုတာပါပဲ။ ဒီစာအုပ်ကိုရေးဖို့အတွက်လည်း ဆရာမ ခင်ခင်ထူးက အချိန် (၆)နှစ်တောင် ယူခဲ့ရပါတယ်တဲ့။ အားထုတ်မှုတွေက လေးစားလောက်စရာနော်…

“တောမင်းသမီး” ဟာ အနုပညာသည်တွေရဲ့ အနုပညာမဆန်လှတဲ့ ကန့်လန့်ကာ နောက်ကွယ်က ဘဝတွေ၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းကြပုံတွေ၊ မင်းသမီးဆိုတာ လှလှပပလေးနဲ့ မပင်မပန်းနေရတယ်လို့ အများက ထင်ကြပေမဲ့ သူတို့ ကြိုးစားရတာ သူမတူအောင် ခက်ခဲတယ်ဆိုတာတွေ၊ ဇာတ်တို့သဘော၊ လူတို့မနောကို ပေါ်လွင်စေတဲ့အပြင် ထင်မှတ်မထားတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေအကြောင်း စိတ်ဝင်စားစရာ၊ ဆွတ်ပျံ့ကြည်နူးစရာ၊ လွမ်းစရာ၊ ချစ်စရာကောင်းလှပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရင်တော့ ဖတ်ရတာ ပေါ့သွားမှာစိုးလို့ မပြောတော့ဘူးနော်.. အစဖတ်လိုက်မိပြီဆိုတာနဲ့ လက်က မချချင်လောက်အောင် စွဲလမ်းသွားစေတဲ့ စာအုပ်တစ်အုပ်လို့သာ ဆိုလိုက်ပါရစေ။

ဒီလို နှလုံးသားနဲ့ လေးလေးနက်နက် ခံစားရမယ့် စာအုပ်ကို ပြောအပြီးမှာ ခပ်သွက်သွက် စာအုပ်လေးတွေဆီ ပြန်လှည့်ကြရအောင်… ကြီးကြီးကျယ်ကျယ် ပြောရမယ် ဆိုရင်တော့ဖြင့်လည်း လူငယ်တွေ စာဖတ်လာဖို့ဆိုတာ ကလေးဘဝတည်းက လေ့ကျင့်ယူရမှာမဟုတ်လား?

တချို့က ကလေးကို စာတော့ဖတ်စေချင်တယ်။ ဘယ်လို စာအုပ်မျိုးတွေ ဖတ်ခိုင်းရမယ်မသိဘူးဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဗဟုသုတရစေမယ့် စာအုပ်တွေချည်း ဖတ်ခိုင်းတတ်ကြပါတယ်။ ရသစာပေဆိုတာက ပြောရရင် ကလေးတွေအတွက်လည်း အရေးပါတာကလား… တစ်ခါတလေ သူတို့လေးတွေအတွက် နှလုံးသား အာဟာရစာပေ၊ သူတို့လေးတွေကို ရွှင်မြူးစေမယ့် စာပေလေးတွေကလည်း လိုတယ်လေ… ဒါကြောင့် ဒုတိယမြောက်စာအုပ်ကိုတော့ ကလေးတွေနဲ့ ကလေးမိဘတွေအတွက် ရည်ရွယ်ပြီး ညွှန်းပေးလိုက်ပါတယ်။ စာအုပ်ကတော့…

၂။ ဆိုးပေ (ဇဝန)
ဆရာဇဝန ဆိုမှဖြင့် အရေးသွက်သွက်လေးတွေနဲ့ ဟာသမြောက်လွန်းတဲ့ ဝတ္ထုတွေကို ရေးခဲ့တဲ့ ဂန္ထဝင်တန်းထဲ ထည့်ရမယ့် စာရေးဆရာကြီးတစ်ယောက်မှန်း အားလုံးသိပြီး ဖြစ်မှာပါ။ ဆိုးပေ ကိုတော့ ဆရာကြီးက ကလေးတွေအတွက် ရည်ရွယ်ရေးသားခဲ့တယ်လို့ သိရပါတယ်။ (ဘယ်ထဲမှာ ဖတ်မိမှန်းတော့ မမှတ်မိ) ဆိုးပေဝတ္ထုဟာ တစ်အုပ်တည်း ရှိတာတော့ မဟုတ်ပါဘူး။ စီးရီးစ်လိုက်ရှိတယ်ဆိုရမှာပေါ့။ ဒီဝတ္ထုတွေရဲ့ အဓိက ဇာတ်ကောင်က “ဆိုးပေ” ဆိုတဲ့ ကလေးနဲ့ သူ့ရဲ့ ဘော်ဒါ ဘော်ကျွတ်တွေပါ။ ဖြတ်ထိုးဉာဏ်လည်း ကောင်းလှသလို ပြဿနာဖြေရှင်းတာကလည်း တော်တဲ့ ဆိုးပေက သူငယ်ချင်းတွေကြားထဲမှာတော့ သူဗိုလ်ပေါ့…

အဆော့လေးကလည်း မက်တော့ ဆော့နည်းအသစ်တွေ ထွင်တာလည်း သူပါပဲ။ ဗိုလ်ကလည်း ဗိုလ်ကိုး… အဲ ဆော့နည်းအသစ်တွေထွင်သလောက် သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့ ပြဿနာကလည်း အမြဲလိုကို တက်နေတာပါပဲ။ အချင်းချင်း ကြားထဲ ပြဿနာတက်လို့မှ မပြီးသေး၊ လူကြီးတွေဆီကို အမှုပတ်လို့ အဆူခံ၊ အကြိမ်းခံရတာလည်း ဒင်းတို့ပါပဲ… ဒါလောက် ပြဿနာရှာတဲ့ ကလေးတွေ ဘယ်လို အလွဲလွဲ အချော်ချော်တွေနဲ့ ကြုံရမှာလဲ? ဘယ်သူတွေကရော ဒင်းကလေးတို့ကြောင့် ချောက်ကျကြတာလဲ? ဖြစ်လာတဲ့ ပြဿနာတွေကို ဆိုးပေ ဘယ်လို ပေါက်ကရနည်းတွေနဲ့ ဖြေရှင်းမလဲဆိုတာကို “ဆိုးပေ” စာအုပ်ဖတ်ရင်း တခွီးခွီးနဲ့ ခံစားနိုင်မှာပါ…

နောက်တစ်ပတ်မှ ပြန်ဆုံကြမယ်နော်…။

Angelic Demon (ရိုးရာလေး)
www.yoyarlay.com

#AngelicDemon_yyl #BookReview_yylမင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ အရင်ရက်သတ္တပတ်တွေတုန်းက ဘာသာပြန်စာအုပ်တွေကို ညွှန်းဆိုခဲ့ပေးပြီးပါပြီ။ ဒီတစ်ပတ်မှာတော့ ရသစာပေဘက်ကို သွားကြရအောင်လား.. ကြုံတုန်းလေး လျှာရှည်ရရင်ဖြင့် ရသစာပေတွေက ဒီဘက်ခေတ်မှာ အတော်ကို နည်းလာတယ်လို့ ဆိုရမှာပါ။ ရသစာပေကို နိုင်နင်းတဲ့ စာရေးဆရာတွေဆိုတာလည်း လက်ချိုးရေလို့တောင် ရပါတယ်။