မန်စီးတီး နည်းပြ မန်ချီနီမှ ကိုလိုတိုရေးသာ ဆန္ဒရှိပါက ဘာဆာစပေါ အသင်းသို့ လွတ်လပ်စွာ ပြောင်းရွှေ့နိုင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ ဆေးကျမှုကြောင့် (၆)လ ပွဲပယ်ခံထားရသည့် ကိုလိုတိုရေးသည် မန်စီးတီး အသင်းတွင် နေရာရရန် မဖြစ်နိုင်သောကြောင့် အသင်းသစ် တစ်သင်း ရှာဖွေနေသူလည်း ဖြစ်သည်။ ယခုအခါတွင် ၎င်း၏ နည်းပြဖြစ်သူမှ ၎င်း၏ အနာဂတ်အား ဆုံးဖြတ်ရမည့် အချိန်ရောက်ပြီဟု ပြောဆိုခဲ့သော်လည်း တူရကီကလပ်မှ တိုရေး၏ လစာငွေကို ပေးချေနိုင်မည်လား ဆိုသည်ကို သံသယ ဖြစ်နေကြောင်း သိရသည်။ “ဒါကကိုလိုရဲ့ ကိစ္စပါ သူဘာဆာစပေါကို ပြောင်းချင်လား မပြောင်းချင်ဘူးလား ဆိုတာ သူ့ဟာသူ ဆုံးဖြတ်ရမှာပါ၊ ဒါပေမယ့်လည်း သူတို့အသင်းက သူ့ရဲ့လစာကို ပေးနိုင်ပါ့မလား?”ဟု မန်ချီနီမှ The Sunသို့ ပြောဆိုခဲ့သည်။ ကိုလိုတိုရေးသည် ယမန်နှစ်ရာသီက မန်စီးတီး အသင်းအတွက် လိဂ်ပွဲစဉ် (၈)ပွဲသာ ပါဝင် ကစားနိုင်သူ ဖြစ်သည်။