Mobile Legends Bang Bang Professional League Myanmar Season 5 ကို ဩဂုတ်လတွင် စတင်ကျင်းပသွားမည်

MPL-MM-S5-KV.jpeg

E-sports လောက၏ ထိပ်တန်း MOBA ဂိမ်းဖြစ်သော Mobile Legends Bang Bang မှ Mobile Legends Bang Bang Professional League Myanmar Season 5 ကို ဩဂုတ်လ (၂၂) ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး Presenting sponsor အဖြစ် တယ်လီနောမြန်မာ၊ Official Smartphone Partner အဖြစ် OPPO Myanmar နှင့် Mobile Legends: Bang Bang ဂိမ်း တီထွင်ဖန်တီးသူ MOONTON နှင့် ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar တို့မှ ပါဝင်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။ မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော် တန်ဖိုးရှိ ဆုများကို ချီးမြှင့်ပေးမည်ဖြစ်သော အဆိုပါပြိုင်ပွဲတွင် ယခင် ကျင်းပပြီးသော season 4 ၏ ချန်ပီယံများနှင့် ထိပ်သီးအသင်းများ ဖြစ်ကြသော Burmese Ghouls, Yangon Galacticos နှင့် Lord ( ယခင် Team Reselection ) တို့မှာ တရားဝင် တိုက်ရိုက် ဖိတ်ကြားခံထားရပြီး မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်ပါဝင်စားကြသူ E-sports အားကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်သူအများဆုံး ဖြစ်သော အဆိုပါ E-sports ပြိုင်ပွဲတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄,၉၀၀ (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) တန်ဖိုးရှိ ဆုများကို ပေးအပ်သွားမည်ဖြစ်ကာ ပထမဆု ရရှိသည့် အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ ၁၉၅ သိန်းခန့်) ၊ ဒုတိယဆုအတွက် အမေရိကန် ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ ၈၅ သိန်းခန့်) ၊ တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၅ သိန်းခန့်) စီ အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရန်အတွက် ဩဂုတ်လ (၁၆) ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ပြီး league qualifiers (လက်ရည်စစ် ပွဲစဉ်များ) ကို ဩဂုတ်လ (၂၂) ရက်နေ့တွင် စတင်သွားမည်ဖြစ်သည်။ အရည်အသွေး ပြည့်မီသော အသင်း (၈) သင်းမှာ ပုံမှန်ပွဲစဉ်များ (round-robin league format) အား စက်တင်ဘာလ (၁၂) ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်တိုင် ကစားကြရမည်ဖြစ်ပြီး ထိပ်ဆုံး (၆) သင်းမှာ အောက်တိုဘာ (၃၁)ရက်နေ့ နှင့် နိုဝင်ဘာ (၁) ရက်နေ့အတွင်း ရှုံးထွက်ပွဲစဉ်ကို ဆက်လက် ကစားကြရမည်ဖြစ်သည်။ Mobile Legends: Bang Bang Professional League Myanmar Season 5 ၏ အသေးစိတ် အချိန်ဇယားမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

MOONTON ၏ ဈေးကွက်မန်နေဂျာ Caya Yan က “ကျင်းပပြီးသွားတဲ့ season တွေမှာ အောင်မြင်မှုတွေ အများကြီး ရရှိပြီးခဲ့တဲ့နောက် Mobile Legends: Bang Bang Professional League Myanmar ကို နောက်ထပ် Season တစ်ခုအဖြစ် အခုလို ထပ်မံကျင်းပခွင့်ရတာ စိတ်လှုပ်ရှားမိပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အရှိန်နဲ့တိုးတက်လာတဲ့ E-sports နယ်ပယ်မှာ ပါဝင်မှုများလာတာ၊ လူကြိုက်များလာတာတွေကို တွေ့မြင်နေရပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာပေါ့။ ဒါတွေဟာ နိုင်ငံအတွင်းမှာ Live-streaming ပွဲတိုက်ရိုက်ထုတ်လွှင့်မှုတွေအတွက် တွန်းအားတစ်ခု ဖြစ်လာစေပြီး၊ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆင့် အရည်အချင်းရှိ ကစားသမားတွေရဲ့ အရည်အသွေးတွေကိုလည်း မြင့်တက်လာစေပါတယ်။ အခု ပြိုင်ပွဲဟာလည်း အခြားသော အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ MPL ပြိုင်ပွဲတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အရည်အသွေးမြင့် ပြိုင်ပွဲတစ်ခုပါ။” ဟုဆိုသည်။

“တယ်လီနောဟာ သုံးစွဲသူတွေ၊ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှုကို အားပေးတဲ့အနေနဲ့ MPLရဲ့ပွဲတွေကို အခုထိ အစဉ်အဆက်ပံ့ပိုးပေးလာခဲ့ပါတယ်။ MPL နဲ့ အခုလိုမိတ်ဖက်အဖြစ်ပူးပေါင်းဖြစ်ခဲ့တဲ့အတွက် တယ်လီနောအနေနဲ့ သုံးစွဲသူတွေကို တယ်လီနောရဲ့ ဒေတာကွန်ရက်ပေါ်ကနေ အကောင်းဆုံး E-sports အတွေ့အကြုံတွေ၊ အကောင်းဆုံး gaming ဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တယ်လီနောဟာ အကောင်းဆုံးဒေတာကွန်ရက်နဲ့ ဝန်ဆောင်မှုတွေက တစ်ဆင့် သုံးစွဲသူတွေကိုပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေပေးနိုင်ဖို့ အမြဲတမ်းရည်ရွယ်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားခဲ့သည်။

“ကျွန်မတို့OPPOအနေနဲ့ကတော့လူငယ်တွေကြိုက်နှစ်သက်တဲ့ကောင်းမွန်ပြီးအရည်အသွေးမြင့်စမတ်ဖုန်းBrandဖြစ်တာမလို့ လူငယ်တွေကြိုက်နှစ်သက်တဲ့ အစီစဉ်တွေကို အမြဲစိတ်ဝင်စားပါတယ်။ Mobile Legends : Bang Bang Professional League Myanmar Season 5 ပြိုင်ပွဲကြီးက မြန်မာနိုင်ငံရဲ့ E Sports ကဏ္ဍမှာ အကြီးမားဆုံးပြိုင်ပွဲကြီးဖြစ်ပြီး ဆုကြေးအနေနဲ့ဆိုလည်း အများဆုံးချီးမြှင့်ပေးမှာဖြစ်တဲ့အတွက် OPPO Smartphone ကလည်း Official Smartphone Partner အဖြစ် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Season 4 မှာ လည်း ပူးပေါင်းပါဝင်ခဲ့ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပြင် ဂိမ်းဝါသနာရှင် လူငယ်များစိတ်ဝင်စားမှုမြင့်မားခဲ့တဲ့ E sports ပြိုင်ပွဲကြီး ဖြစ်ခဲ့ပါတယ်။” ဟု OPPO Myanmar AED မှ Assistant Media and PR manager ဖြစ်သူ မမိုးပွင့်ဖြူက ပြောကြားခဲ့ပါသည်။

Games Developer and Publisher (ဂိမ်းတီထွင်ထုတ်လုပ်သူ) Moonton မှ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအဖြစ် စတင်ထုတ်လုပ်ခဲ့သော Mobile Legends: Bang Bang သည် Mobile Multiplayer Online Battle Arena (MOBA) ဂိမ်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ကစားသူ သန်းပေါင်းရာကျော် ရှိသည့် ဂိမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် လူငယ်အမြောက်အမြား ကစားကြသည့် အဆိုပါ E-sports ပြိုင်ပွဲမှာ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီး ဆုတံဆိပ်ချီးမြှင့်ယှဉ်ပြိုင်စေသည့် ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့သည်။ MPL-MM S5 အကြောင်း နှင့် စာရင်းပေးသွင်းရမည့် အချက်အလက်များ၊ တိုက်ရိုက်ထုတ်လွှင့်သွားမည့် အချိန်များအကြောင်း အသေးစိတ်ကို ပိုမိုသိရှိလိုပါက Mobile Legends: Bang Bang Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/MobileLegendsGameMyanmar/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top