ကိုးကွယ်မှု အစစ်အမှန်ဟူသည်

buddhas-statues-in-loumani-buddha-garden-myanmar-8AUJE6V.jpg

မြတ်စွာဘုရားဟောကြားသော ကိုးကွယ်မှု လေးမျိုး ရှိပါတယ်။ ယင်း လေးမျိုးမှာ ပထမ ၃ မျိုးက နိမ့်ကျသော ကိုးကွယ်မှု ဖြစ်ပြီး နောက်ဆုံး တစ်မျိုးကသာ မြင့်မြတ်သော ကိုးကွယ်မှု ဖြစ်ပါတယ်။

၁။ ကြောက်ရွံ့သဖြင့် ကိုးကွယ်ခြင်း
၂။ လိုချင်စိတ်ဖြင့် ကိုးကွယ်ခြင်း
၃။ မိရိုးဖလာစွဲကြောင့် ကိုးကွယ်ခြင်း
၄။ ယုံကြည်သဖြင့် ကိုးကွယ်ခြင်း

ကြောက်ရွံ့သဖြင့် ကိုးကွယ်ခြင်း

ဒီ ကိုးကွယ်မှုက အမှန်မဟုတ်ပါဘူး။ သူ့ကိုမှ မကိုးကွယ်ရင် စီးပွားပျက်မယ်၊ တိုင်းပြည်ပျက်မယ်၊ ဝဋ်လည်မယ်၊ ဘေးဒုက္ခ ရောက်မယ် အစရှိသဖြင့် အထင်မှားအမြင်မှားများကြောင်း ကိုးကွယ်ခြင်းက ကြောက်ရွံ့သဖြင့် ကိုးကွယ်ခြင်း ဖြစ်ပါတယ်။

လိုချင်စိတ်ဖြင့် ကိုးကွယ်ခြင်း

လောဘကို အခြေခံတဲ့ ကိုးကွယ်ခြင်းပါ။ သူ့ကိုမှ ဘယ်လို ပူဇော်ပသလိုက်ရင် ငါ့စီးပွားတွေ ဘယ်လောက်တတ်မယ်။ စာမေးပွဲတွေ ဘယ်လိုအောင်သွားမယ်။ ကောင်းကျိုးတွေ ဘယ်လိုဖြစ်ထွန်း မယ်။ အစရှိသဖြင့် လောဘစိတ်ကို အခြေခံတဲ့ ကိုးကွယ်မှုကလည်း မကောင်းတဲ့ ကိုးကွယ်နည်းပါ။

မိရိုးဖလာစွဲဖြင် ကိုးကွယ်ခြင်း

ကိုယ်ကတော့ ဘာမှမသိ။ ကိုယ့်မိဘတွေကော၊ ဘိုးဘွားတွေကော၊ ကိုယ့်ဆွေစဉ်မျိုးဆက်အားလုံး ကိုးကွယ် လာတာကြောင့်မို့ မဖြစ်မနေ လိုက်ကိုးကွယ်ဆိုတာမျိုးက မိရိုးဖလာ ကိုးကွယ်ခြင်းကို ဆိုပါတယ်။ အကိုးကွယ် ခံရမယ့် ပုဂ္ဂိုလ်အကြောင်းကိုမသိ၊ ကိုးကွယ်ခြင်းရဲ့အကြောင်းကို မသိ၊ အကျိုးကို မသိပဲ ကိုးကွယ်နေရင် ယင်း ကိုးကွယ်မှုဟာ ကုသိုလ်မမြောက်၊ တစ်ခါတစ်ရံ အကုသိုလ်ပါ မြောက်နိုင်သော ကိုးကွယ်မှု ဖြစ်ပါတယ်။

ယုံကြည်သဖြင့် ကိုးကွယ်ခြင်း

ယုံကြည်သဖြင့် ကိုးကွယ်ခြင်းက ခြုံပြီး ပြောလိုက်တာပါ။ ယင်း ကိုးကွယ်မှုက အကိုးကွယ်ခံရမယ့် ပုဂ္ဂိုလ် အကြောင်းကိုလည်း သိတယ်။ သူ့ရဲ့ ဆုံးမချက်များကိုလည်း သိတယ်။ ကိုးကွယ်မှုကြောင့် ရလာမယ့် အကြောင်း ကိုလည်း သိတယ်။ အကျိုးကိုလည်း သိတယ်။ ဒါကြောင့် ကြောက်လို့လဲမဟုတ်၊ လဘ်လိုချင်လို့လည်း မဟုတ်၊ မိရိုးဖလာကြောင့်မို့လဲ မဟုတ် ယင်းပုဂ္ဂိုလ် ဟောကြားထားတဲ့ တရားတော် များက စစ်မှန်တယ်လို့ ဆုံးဖြတ် ဆင်ခြင်မိတဲ့အတွက် ကိုးကွယ်ခြင်းက စစ်မှန်သော ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်သဖြင့် ကိုးကွယ်ခြင်းက ပိုမြတ်ပါတယ်။

အနစ်ချုပ်

မြတ်စွာဘုရား ဟောကြားခဲ့ဖူးပါတယ်။ မြတ်စွာဘုရားသည် လူထဲကလူ၊ ဖန်ဆင်းရှင် တန်ခိုးရှင်မဟုတ်၊ လူတို့ လိုက်နာ ကျင့်သုံးအပ်တဲ့ ကောင်းသော ကျင့်စဉ်နည်းလမ်းတို့ကို ချပြခဲ့ခြင်းသာ ဖြစ်ပြီး မကိုးကွယ်ခင် အရင် လေ့လာဖို့ ဟောခဲ့ဖူးပါတယ်။ မိမိကိုယ်တိုင် လေ့လာပါ။ မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်ပါတယ်။ လေ့လာလို့ ယုံကြည်ပြီဆိုရင် ယင်းတရားကို ကိုယ်မှာအမြဲရှုမှတ်၊ ကျင့်သုံးတဲ့အတွက် မိမိကိုယ်ကိုတိုင်ဟာ ကိုးကွယ်စရာ ပုဂ္ဂိုလ်ဖြစ်လာမယ်လို့ မိန့်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ မိမိကိုယ်ကို မှန်မှာကြည့်ပြီး ကိုးကွယ်ခိုင်းစေခြင်း မဟုတ်ပါ။ မိမိရဲ့ ဥာဏ်ပညာနဲ့ ခွဲခြားဆုံးဖြတ်ပြီး လက်ခံ ကျင့်သုံး ခြင်းဖြစ်တဲ့အတွက် မိမိကိုယ်ကို ကိုးကွယ်သည်ဟု အဓိ ပ္ပါယ် ရခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာကျမ်းမှာ ဟောကြားချက်များကို အများနားလည်အောင် ဆီလျော်စွာ ပြန်လည်မျှဝေ ရေးသား ရခြင်း ဖြစ်ပါတယ်။ စစ်မှန်သော ယုံကြည်+ကိုးကွယ်မှုများ ပြုလုပ်နိုင်ကြပါစေ။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top