YOYARLAY

ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) ကို လေ့လာဆန်းစစ်ခြင်း

ပုဒ်မ ၁၈ နှင့် ၅၀၅(ခ)ကို လေ့လာဆန်းစစ်ခြင်းယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိလျှောက်လှမ်း နေပြီ

ဖြစ်ပါသည်။ ဒီမိုကရေစီ ခေတ်တွင် ဒီမိုကရေစီ၏ မူဝါဒအရ ပြည်သူများသည် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသ ခွင့်များ ရရှိလာပါသည်။ ယင်းသို့ ဆန္ဒထုတ်ဖော် ပြသကြရာတွင် ဆန္ဒပြသူများ အနေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း တို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုး တို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ခွင့်ပြုမိန့်အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နေသူတို့ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဘေးအန္တရာယ်ပြုခြင်း မဖြစ်စေရန်တို့အတွက် နိုင်ငံတော်အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂.၁၂.၂၀၁၁ ရက်နေ့က ပြဋ္ဌာန်း ပေးခဲ့ပါသည်။

 

ယင်းပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း အထူးဥပဒေဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ဖတ်ရှု သိရှိရပါသည်။

ဂျာနယ်များကို ဖတ်ရှုသည့်အခါ ခွင့်ပြုချက်မရရှိဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ဆန္ဒပြသူများကို သက်ဆိုင်ရာက အရေးယူရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ သာမက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ (ခ) ကိုပါ တွဲဖက်၍ အရေးယူခြင်းများ ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ကို လေ့လာကြည့်သောအခါ ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်းချက်မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းချက်ကို တွေ့ရှိရပါသည်။

ကင်းလွတ်ချက်အဖြစ် “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာဟလ သော်လည်းကောင်း၊ ထိုသတင်းသော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲ ပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်” ဟု ဆက်လက်ပြဋ္ဌာန်းထား ပါသည်။ ဤပုဒ်မ ၅၀၅ (ခ) ကို နားလည် သဘောပေါက်စေရန် စီရင်ထုံး တင်ပြပေးလိုပါသည်။ ယင်းစီရင်ထုံးမှာ ၁၉၉၅ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တရားစီရင်ထုံး များ (ပြစ်မှု) စာမျက်နှာ ၁၁၄၊ ဦးသိန်းကြံပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးဖြစ်ပါသည်။

အမှုမှာ မန္တလေးမြို့ ဟေမာဇလ ရပ်ကွက်မီးလောင်မြေကို သက်ဆိုင်ရာ တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့တို့၏ အစီအမံဖြင့် ချထားပေးရာတွင် ဦးသိန်းကြံ နှင့် ဒေါ်မြင့်မြင့်ရီတို့သည် အကွက်အမှတ် ၆၀၉၊ ဦးပိုင်အမှတ် ၆၀ နှင့် စပ်လျဉ်း၍ အထက်ပါ အဖွဲ့အစည်းတို့၏ စီမံခန့်ခွဲချထားပေးမှုကို မနာခံဘဲ ဆန့်ကျင် လျက် လမ်းပိတ်နေသောအိမ်မှ မဖယ်ရှားဘဲ နေခဲ့သည်။

သို့ဖြစ်၍ အကြိမ်ကြိမ်ဆွေးနွေး သော်လည်း ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ က ဖယ်ရှားပေးရန် ငြင်းဆန်သည့်အပြင် ၄င်းတို့၏ အိမ်ဝင်းထဲ ဝင်လာရဲရင်ဝင်လာဟု ၁၄.၂.၉၄ နေ့တွင် စိန်ခေါ်ပြီး ပြန်လည်ရန်ပြု မည့် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သို့ဖြစ်၍ အင်အားသုံးပြီး ဖယ် ရှားရန် ပြင်ဆင်ဆောင်ရွက်ရသည့် အခြေ အနေသို့ ရောက်ရှိခဲ့သဖြင့် ဦးသိန်းကြံ၊ ဒေါ်မြင့်မြင့်ရီနှင့်တကွ ပါဝင်ကျူးလွန်သူ တို့အား အရေးယူရန် သက်ဆိုင်ရာက ညွှန်ကြားသဖြင့် အမှတ် (၈) ရဲစခန်းမှ ရဲအုပ်စခန်းမှူး ဦးအောင်သိန်းမောင်က သက်သေခံ (က) တိုင်ချက်ရေးဖွင့်၍ တရား စွဲဆိုခဲ့သည်။

ယင်းအမှုကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၄၄၅/၉၄ အဖြစ် လက်ခံစစ်ဆေးပြီး ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် တစ်နှစ်စီ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်အား ပုဒ်မ ၅၀၅(ခ) ၁၁၄ အရ ထောင်ဒဏ် ခြောက်လစီကျခံစေရန် ချမှတ်ခဲ့သည်။ ယင်းသို့ ချမှတ်ခြင်းကို မန္တလေးတိုင်း တရားရုံးက ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၄၇/၉၄တွင် ကြားနာပြီးနောက် ဦးသိန်းကြံ အပေါ် ချမှတ်သော ထောင်ဒဏ် ၁ နှစ်ကို အတည်ပြု၍ ဒေါ်မြင့်မြင့်ရီအား ထောင်ဒဏ် ၆ လ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်တို့အား ထောင်ဒဏ် ၄ လစီ ကျခံစေဟု ပြင်ဆင် ချမှတ်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့က ဆက်လက်၍ တရားရုံး ချုပ်သို့ ဤပြင်ဆင်မှုကို တက်ရောက်လာခြင်းဖြစ်သည်။

ယင်းအမှုတွင် လမ်းပိတ်ဆို့နေသော အိမ်ကိုဖယ်ရှားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက အချိန်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ တာဝန်ထမ်း ဆောင်ရာ ဌာနအကြီးအကဲများမှ တစ်ဆင့်လည်း အေးချမ်းစွာ ဖယ်ရှားပေးရန် ကြိုးစားခဲ့သည်။ ယင်းသို့ အချိန်ပေးခြင်း၊ ညှိနှိုင်း ခြင်း၊ ကြိုးစားခြင်းတို့မှာ မလွဲမသွေ အင်အားသုံး၍ ဖယ်ရှားရမည့် အခြေအနေ ထိ မရောက်စေရန်အတွက် အာဏာပိုင်များ က လိုက်လျောကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မလွှဲမရှောင်သာ အင်အားသုံး၍ ဆောင်ရွက်ရမည်ဆိုလျှင် အများပြည်သူ အတွက် အထိတ်တလန့် ဖြစ်စေနိုင်ပြီး မလို လားသူများက နိုင်ငံတော်၏ အေးချမ်း သာယာရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်လာဖွယ်အခြေအနေများ ပေါ်ပေါက် လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ် သည့်အနေနှင့် သက်ဆိုင်ရာ အာဏာပိုင် များက ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ အခြေအနေများကို ယခု လျှောက်ထားသူများအသိဖြစ်သည်။ ထိုသို့ သိပါလျက် ဖယ်ရှားပေးရန် ငြင်းဆိုခြင်း သည် အထက်ဖော်ပြပါ အခြေအနေများ ပေါ်ပေါက်စေရန် လျှောက်ထားသူတို့တွင် ကြံရွယ်ချက်ရှိကြောင်း မငြင်းသာပေ။

လျှောက်ထားသူများသည် မိဘ ဘိုးဘွားများ လက်ထက်မှ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေအိမ်ကို စွန့်ခွာရန် နှမြောတသ၍ ဖယ်ရှားခြင်းမပြုဘဲ နောက် ဆုံး အချိန်အထိ နေထိုင်ခြင်းဖြစ်ပါသည်။ အများပြည်သူအား အထိတ်တလန့်ဖြစ်စေ ရန် အကြံမရှိပါဆိုလျှင်လည်း ထိုသို့ အများ ပြည်သူ အထိတ်တလန့် ဖြစ်စေရန် အကြောင်းပေါ်ပေါက်နေသည်မှာ မငြင်း သာပေ။ လျှောက်ထားသူတို့၏ ပြုမူပြောဆို မှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် အကျုံးဝင်နေသဖြင့် . . . ဤပြင် ဆင်မှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

သို့ဖြစ်ရာ ပုဒ်မ ၅၀၅ (ခ) ပြဋ္ဌာန်း ချက်နှင့် အထက်ပါ စီရင်ထုံးအရ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်မှု မြောက်ရန်မှာ အစိုးရကို ဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ်မှုကို ကျူးလွန်လာချင်အောင် ပြည်သူကိုသော်လည်းကောင်း၊ ပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေ ရန် အကြံဖြင့် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်းပြုရန် လိုကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ရာ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြ ခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်းပါသလော။ ဆန္ဒပြသူတို့သည် မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ခြင်းသာ ရှိပါသည်။ ပုဒ်မ ၅၀၅ (ခ) ပါရည်ရွယ်ချက်များ မရှိကြပါ။ အကယ် ၍ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့်လည်းကောင်း ပုဒ်မနှစ်ခုစလုံး နှင့် အကျုံးဝင်သည်ဆိုစေဦး အကျုံးဝင် သည်ဟုယူဆသည့်အတိုင်း ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ တွင် “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုခုသည် ဥပဒေနှစ်ရပ်သို့ မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ် ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ် ထက် ပို၍ မခံစေရ” ဟူသော ဥပဒေပြဋ္ဌာန်း ချက်ရှိပါသည်။

“ပြစ်မှုတစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက် ပို၍ မခံစေရ” ဟူသော စကားရပ်၏ ဆိုလိုရင်းမှာ “ပြစ်မှုမြောက်သော ပြုလုပ်မှုသို့မဟုတ် ပျက်ကွက်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ် ၂ ကြိမ်မပေးရ” ဟု ပီ၊ စီ၊ ဒတ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်အမှု၊ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံးများ (လွှတ်တော်) စာမျက်နှာ ၃၃ တွင် ထုံးဖွဲ့ပေးထားပါသည်။

ထို့အပြင် ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (ပြစ်မှု) စာမျက်နှာ ၁၅၉၊ မောင်သန်းထွန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကိန်းပါ သုံးဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကြီးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စီရင်ထုံး တွင်လည်း “မောင်အောင်မင်းတို့ အပေါ် အက်ဖီဒရင်း ၁၂၃ ဒသမ ၆၁၃ ကီလိုဂရမ် ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းခြင်းအား သိမ်းဆည်းရမိခြင်းကို အခြေပြုလျက် ၄င်းတို့အား ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က)၊ ၂၀၊ ၂၁ နှင့် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ ပြစ်မှုနှစ်ရပ်ဖြင့် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ယင်းပြစ်မှု များဖြင့် ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းသည် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ နှင့် ဆန့်ကျင် လျက်ရှိကြောင်း တွေ့ရသည်။

ပြစ်မှုကြီးအမှတ် ၄/၂၀၀၀ တွင် မောင်အောင်မင်းတို့အပေါ် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် စီနှင့် မောင်ရွှေကိန်းတို့အား ယင်းဥပဒေ ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် စီကျခံစေရန် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်၍ ၄င်းတို့အပေါ် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေ ပုဒ်မ ၅(၁) အရ ပြစ်မှုထင်ရှားစီရင် ရန် လိုအပ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် စစ်ကိုင်းတိုင်းတရားရုံး (မော်လိုက်ခရိုင်) က မောင်သန်းထွန်း၊ မောင်ရွှေကိန်း၊ မောင်ဌေး၊ မောင်မြင့်မောင် နှင့် မောင်ရွှေကြီးတို့အား ၁၉၄၇ ခုနှစ် သွင်း ကုန်ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ အလုပ်နှင့် ထောင် ဒဏ် ခုနစ်နှစ်စီ ကျခံစေရန် ချမှတ်ထားသည့် အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း အမိန့် ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ ယင်းဥပဒေပုဒ်မ ၂၂ အရ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု သည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက် ပိုသော ဥပဒေများအရ ပြစ်မှုမြောက်သည့် တိုင် ယင်းဥပဒေများအနက် ဥပဒေတစ်ရပ် ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ဃ) တွင် “အထူးဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်သည် ယေဘုယျ ဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်” ဟု ပြဋ္ဌာန်းထားသဖြင့် အထူးဥပဒေ ဖြစ် သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေသည် ယေဘုယျ ဥပဒေဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ကို လွှမ်းမိုးသည့် အတွက် လွှမ်းမိုးသော ဥပဒေအရ အရေးယူမှသာ ဥပဒေအရ မှန်ကန်မည်ဖြစ်ပါသည်။ လွှမ်းမိုးခံရသော ဥပဒေဖြင့် အရေးယူခြင်း မပြုနိုင်ပါ။ ထို့ကြောင့် ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်း သည်ဟု ယူဆသည့်တိုင် အထူးဥပဒေဖြစ် သော ပုဒ်မ ၁၈ အရသာ အရေးယူရန်လို ကြောင်း ပုဒ်မ ၃(ဃ) အရ တွေ့ရှိရပါ ကြောင်း ဥပဒေရှုထောင့်မှ ဥပဒေအမြင် ဥပဒေ သဘောတရားများကို တင်ပြလိုက်ရ ပါသည်။

အောင်နိုင် (လက်ပံတန်း)

The Voice Journal

ကြော်ငြာများ