Auto Mobile & People Choice 2012 ကားပြပွဲကို ပြည်မြို့၌ ပထမဆုံး အကြိမ် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါကား ပြပွဲကို Myanmar Apex Business မှ ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါကားပြပွဲတွင် ကားပြခန်းများအပြင် လူသုံးကုန်ပစ္စည်းများ လည်း ခင်းကျင်းပြသရောင်းချသွားမည်ဟုဆိုသည်။
ကားပြခန်းများတွင် Shwe Baho Auto Mobile Center, Min Power, Suzuki စသည့် ကားအရောင်းစင်တာများမှ ပါဝင်ပြသကြမည်ဖြစ်ပြီး ကားအပိုပစ္စည်းများ ပါ ပြသရောင်းချသွားမည်ဖြစ်သည်။ “ဒီပြပွဲကို လုပ်ပေးရင် ပြည်မြို့က ကားဝယ်ချင်တဲ့သူတွေအတွက် အဆင်ပြေသွားမှာပါ။ အရင်ကဆိုရင် ပြည်မြို့မှာရှိတဲ့ ကားဝယ်ချင်သူတွေ အနေနဲ့ ရန်ကုန်ကို တကူးတကလာဝယ်ရတဲ့အတွက် အခက်အခဲတွေ ရှိပါတယ်။ ပြပွဲမှာလည်း ပြည်မြို့က လူကြိုက်များတဲ့ ကားတွေကို ရွေး ချယ်ပြီး ပြသရောင်းချပေးသွားမှာပါ”ဟု ယင်းကားပြပွဲတွင် ဝင်ရောက် ပြသမည့် Shwe Baho ကားစင်တာမှ ဦးဝဏ္ဏသက်ဝေကပြောသည်။
ကားပြပွဲတွင် မော်တော်ယာဉ်၊ စက်ဆီ၊ ချောဆီများရောင်းချသည့် ကုမ္ပဏီ တစ်ခုမှ ချောဆီတံဆိပ်အသစ်များကို မိတ်ဆက်ရောင်းချပေးသွားမည် ဟု သိရှိရပြီး ကားပြခန်းပေါင်း ၂၅ ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွား မည်ဟု သိရသည်။