YOYARLAY

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မတီသို့ တိုင်ကြား စာများ ရောက် ရှိပြီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မတီသို့ တိုင်ကြား စာများ ရောက် ရှိပြီဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီသို့ တိုင်ကြား စာများ ရောက် ရှိနေ ပြီ ဖြစ်ကြောင်း သိရသည်။

“တိုင်စာတွေ ရောက်နေတယ်ဆိုတာတော့ သိပါတယ်။ နောက် ထပ် ရောက်လာတာကတော့ မသိသေးပါဘူး” ဟု ဒေါ်အောင်ဆန်းစု ကြည်က ကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ခုနစ်ရက်အကြာ (သြဂုတ်လ ၁၃ ရက်) နေ့တွင် ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ အဆိုပါ တိုင်ကြားစာများတွင် တရားသူကြီးများ၏ တရားစီရင်ဆောင်ရွက်သော ကိစ္စ၊ လမ်းပိတ်ဆို့ခံရမှုကြောင့် တိုင်ကြားလာသော ကိစ္စနှင့် လယ်ယာမြေ သိမ်းဆည်းခံရသော ကိစ္စများပါဝင်နေကြောင်း ယင်းကော်မတီ၏ အတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

“အန်ကယ်သိသလောက် ၄ စောင် ရောက်နေတာတော့ သိတယ်။ နောက်ထပ် ဘယ်လောက်ရောက်နေလဲတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ယခင်က လွှတ်တော်တွင် ဖွဲ့စည်းပြီးသားဖြစ်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ စ၍ တိုင်စာအမှုတွဲပေါင်း ၁၃၀၈ စောင်မှ အထောက်အထားခိုင်လုံသော အမှုတွဲ ၄၃၂ တွဲကို သက်ဆိုင်ရာ တရားလွှတ်တော် အသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့ထံမှ ပြန်ကြားလာသော စာမှာ ၁၁၅ စောင်သာ ရှိသေးကြောင်း၊ ကျန်ရှိသည့် အမှုတွဲများကိုလည်း အချိန်နှင့် တစ်ပြေးညီ ပြန်ကြားပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောသည်။

“ဒီအပတ်အတွင်းမှ ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး ကော်မတီကို တိုင်ကြားစာတွေ ရောက်နေပါပြီ။ ကော်မတီကို ရောက်လာတဲ့ တိုင်ကြားစာတွေဟာ တရားစီရင်ရေး နယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ အဂတိလိုက်စားလို့၊ လာဘ်စားလို့ဆိုတာတွေကို သေချာစိစစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းအမှုတွဲများကို မှန်ကန်ပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး မမှန်ကန်ပါက မှတ်တမ်းအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း၊ ယခုအခါ သြဂုတ်လ ၁၀ ရက်အထိ တိုင်ကြားစာအမှုတွဲပေါင်း ၁၆၀၀ ခန့်အထိ ရှိနေပြီ ဖြစ်ကြောင်း သူရဦးအောင်ကိုက ထပ်လောင်း ပြောကြားသည်။

အောင်ထက် (NYK)

Popular News

ကြော်ငြာများ