YOYARLAY

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ဇူလိုင်လ ၉ ရက်နေ့ တက်ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ဇူလိုင်လ ၉ ရက်နေ့ တက်ရောက်မည်ဥရောပနိုင်ငံများသို့ ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်များ အတွင်း ခရီးပန်း နွမ်းနယ်မှုကြောင့် ဇူလိုင်လ လေးရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးသို့ ချက်ချင်း တက်ရောက်နိုင်မည် မဟုတ်ဘဲ ဇူလိုင်လ ၉ ရက်နေ့မှသာလျှင် လွတ်တော်သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။ “ဥရောပက ခရီးပန်းလာလို့။ ခွင့်သုံးရက် ယူထားတာပါ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ် ကျင်းပသော ကမ္ဘာစီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ ILO တွင် မိန့်ခွန်း ပြောကြားရန်၊ ၎င်းရရှိထားသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအား ကိုယ်တိုင် တက်ရောက်ယူရန် အတွက် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ခရီးများ ဆက်တိုက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ်၊ တတိယမြောက် လွတ်တော်အစည်းဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ကျမ်းသစ္စာ ဆိုခဲ့သည့် မေလ ၂ ရက်တွင် စတင် ရပ်ဆိုင်းခဲ့ပြီး စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးများကို ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မည် ဖြစ်သည်။

The Voice Journal

ကြော်ငြာများ