Grand Royal စက်ရုံ အလုပ်သမား များနှင့် အလုပ်ရှင် အကြား ဖြစ်ပွားနေသော
မပြေလည်မှု များကို ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိ ရုံးမှ ပြေလည် အောင်ဖြေရှင်း မပေးနိုင်သဖြင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနထိ စာတင်မည်ဖြစ်ကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။ “ခုံသမာဓိတက်တဲ့အမှုကို ရန်ကုန်တိုင်းရုံးကနေ ဇွန်လ ၁၉ ရက်နေ့က မူလရုံးကို ပြန်ချပေးလိုက်တယ်။ ဘာမှလည်း မဖြေရှင်းပေးဘူး” ဟု စက်ရုံအလုပ်သမားများရှေ့နေ ဦးအောင်သူရိန်ထွန်းကပြောသည်။
ဇွန်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးသို့ စာတင်ထား ခြင်းဖြစ်ပြီး အမှုစစ်သည့်နေ့တွင် ညှိနှိုင်းဖျန်ဖြေရေးကော်မတီများက နည်းလမ်းတကျဖြေရှင်းပေးခြင်းမရှိဘဲ မြို့နယ်ရုံးကိုသာ ပြန်လွှဲပေး လိုက်ခြင်းဖြစ်သည်ဟု ၄င်းကထပ်မံပြောသည်။
“အလုပ်သမားတချို့ကတော့ စိတ်ဓာတ်ကျသွားပြီ။ သက်ဆိုင်ရာအစိုးရဌာနတွေရဲ့တာဝန်မယူမှုကြောင့် အခုလိုဖြစ်နေရတာပါ”ဟု စက်ရုံအလုပ်သမားတစ်ဦးက ပြောသည်။ွGrand Royal စက်ရုံအလုပ်သမားများ၏ဆန္ဒပြမှုသည် နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် အလုပ်သမားများ၏ စားဝတ် နေရေးအတွက် စိုးရိမ်စရာဖြစ်လာပြီဖြစ်ကြောင်း၊ ဆန္ဒပြနေသည့်ရက်အတွင်း အလုပ်ရှင်နှင့်သုံးကြိမ်ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း စက်ရုံအလုပ်သမားများက ပြောသည်။
စက်ရုံအလုပ်သမားများသည် လုပ်ခလစာတိုးမြှင့်ပေးရန်၊ နေ့စားများကို အမြဲတမ်း ဝန်ထမ်းသတ်မှတ်ပေးရန်၊ အများပြည်သူဆိုင်ရာရုံးပိတ်ရက်များတွင် စက်ရုံပိတ်ပေးရန်နှင့် အခြား ၁၂ ချက်ကို တောင်းဆိုထားကြောင်း သိရသည်။ ယခုနှစ်မေလအတွင်း စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆၈၁၀ က လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ရာ စက်ရုံ ၃၈ ရုံမှ အလုပ်သမား ၂၂၄၈၇ အတွက် ညှိနှိုင်းဖြေရှင်းပေးပြီး စက်ရုံ ၁၉ ရုံမှ လုပ်သား ၁၄၃၂၃ ဦး ဖြေရှင်းပေးရန် ကျန်ရှိနေသေးကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။