AIT က မြန်မာကျောင်းသား ၄၀ ဦးကို ပညာ သင်ဆု ချီးမြှင့်မည်
- 27 Feb 2012 |
- By 7Day News
နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ အာရှ နည်းပညာ တက္ကသိုလ် (AIT) တွင် မဟာဘွဲ့ ပညာ သင်ယူရန် အရည်အချင်း ပြည့်မီသော မြန်မာကျောင်းသား ၄၀ ဦးထိ ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပညာသင်ဆု အစီအစဉ်အနေဖြင့် ထိုင်းဘတ်ငွေ သန်း ၁၆၀ ခန့် အသုံးစရိတ် သတ်မှတ်ထားပြီး လာမည့် သြဂုတ်လမှစတင်၍ သုံးနှစ်စာအတွက် နှစ်စဉ် မဟာဘွဲ့ သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား ၄၀ ဦးထိ ပညာသင်ဆု ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားမည့် မြန်မာနိုင်ငံသားများ အနေဖြင့် အာရှ နည်းပညာတက္ကသိုလ်၏ ကျောင်းဝင်ခွင့် အရည်အချင်း လိုအပ်ချက်ကို ပြည့်မီနေရမည် ဖြစ်ပြီး အာရှ နည်းပညာတက္ကသိုလ်တွင် သင်ကြားနေသော မည်သည့်ဘာသာရပ်ကို မဆို လေ့လာသင်ယူခွင့် ရရှိမည် ဖြစ်သည်။
ပညာသင်ဆုအတွက် အစိုးရအမှုထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများနှင့် အခြားမည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်သည်။ ပညာသင်ဆုအတွက် ရွေးချယ်ခံရပါက ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုတေသန ကုန်ကျစရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် မဟာဘွဲ့အကြိုသင်တန်း (ပြည်တွင်း၌ လေးလထိ၊ AITတွင် ရှစ်လထိ) ကုန်ကျစရိတ်များသာမက လေယာဉ်လက်မှတ် အသွားအပြန်ကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ပညာသင်ဆု လျှောက်ထားသူများအနေဖြင့် AIT ကျောင်းဝင်ခွင့် လျှောက်လွှာအပြင် AIT တွင် ကျောင်းလျှောက်ထားရသည့် ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေတို၊ ရေလတ်နှင့် ရေရှည်တွင် မည်သို့ အကျိုးပြုနိုင်မည်ဆိုသည်ကို မြန်မာဘာသာဖြင့် သုံးမျက်နှာရှိ စာစီစာကုံးဖြင့် ရေးသားပေးပို့ရမည် ဖြစ်သည်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ထူးချွန်ကျောင်းသားများကို ရွေးချယ်နိုင်ရန် AIT မှ နိုင်ငံတော်အဆင့် စိစစ်ရွေးချယ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပညာသင်ဆု လျှောက်လွှာ လက်ခံသည့်ဌာန ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- Comment
- Facebook Comment
