ဒန်းဗားမြို့ဧရိယာ ရုပ်ရှင်ရုံ တစ်ရုံတွင် လူ ၁၂ ဦးသေဆုံးပြီး ၅၈ ဦး ဒဏ်ရာ ရရှိခဲ့သော ပစ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရသူများကို အားပေးနှစ်သိမ့်ရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ဇူလိုင်လ ၂၂ ရက်တွင် ကိုလိုရာဒို ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုက နိုင်ငံအား တုန်လှုပ်သွားစေခဲ့ပြီး သတင်းစာ မျက်နှာများကို လွှမ်းမိုးသွားခဲ့သည်။
မစ္စတာအိုဘားမားသည် ပစ်ခတ်မှုတွင် သေဆုံးသူများ၏ မိသားစုဝင်များကို သီးသန့်တွေ့ဆုံခဲ့ပြီး သေဆုံးခဲ့သူများနှင့် အခြားလူများကို အသက်စွန့်၍ ကူညီခဲ့ကြသူများ၏ ပြောစကားများကို နားထောင်ခဲ့သည်။ “ညအမှောင်ပြီးရင် တောက်ပတဲ့နေ့ရက် ရောက်လာမှာပါ” ဟု ၎င်းတို့က အသေအချာ ပြောကြားသည်ဟု အော်ရိုရာဒေသရှိ ကိုလိုရာဒို တက္ကသိုလ်ဆေးရုံ၌ ရောက်ရှိနေသော မစ္စတာအိုဘားမားက ပြောသည်။ တစ်နိုင်ငံလုံးက ၎င်းတို့၏ ဝမ်းနည်းပူဆွေးမှုကို မျှဝေခံစား ရပါသည်ဟု သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ပြောကြားခဲ့သည်ဟု အိုဘားမားက ရုပ်သံမှ ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင်လည်း ကိုလိုရာဒို သေဆုံးသူများအတွက် အောက်မေ့သတိရ ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။ ဘွဲ့လွန်ကျောင်းသား ဂျိမ်းအီရန်ဟုမ်းသည် တိုက်ခိုက်ရေး ရိုင်ဖယ်နှင့် အခြားသေနတ် နှစ်လက်နှင့်အတူ Dark Knight Rises ဟု အမည်ပေးထားသော လင်းနို့လူသား ရုပ်ရှင်ကား စတင်ပြသသည့် ရုပ်ရှင်ရုံအတွင်းသို့ ညပွဲစဉ်တွင် ဝင်ရောက်ကာ တရစပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် သေနတ်သမားသည် အဘယ့်ကြောင့် ဤသို့ ပြုမူသည်ကို သဲလွန်စ မရသေးကြောင်း၊ ရဲတပ်ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ကိုလိုရာဒိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဟစ်ကင်လူပါက NBC ရုပ်သံသို့ ပြောကြားသည်။ အမေရိကန်နိုင်ငံ သမိုင်းတွင် သေနတ်ဖြင့် အဆိုးရွားဆုံး ရမ်းကားမှုကျူးလွန်သူ ဂျိမ်းဟုမ်းကို ဇူလိုင်လ ၂၃ ရက်တွင် စတင် ရုံးတင်စစ်ဆေးမည် ဖြစ်သည်။
Ref: AP