ဗြိတိန် အင်ပါယာရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ထဲက တစ်နိုင်ငံဖြစ်တဲ့ စတော့တလန် မှာ သုံးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ကွန်ပျူတာ ဂိမ်းပွဲတော် ဖြစ်တဲ့ Dare Proto Play ဟာ လူငယ် ဂိမ်းဖန်တီးရှင် အများပြားကို မွေးထုတ်ပေးနိုင်ဖို့ အထောက်အပံ့ ကောင်းတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ စကော့တလန်နိုင်ငံရဲ့ စတုတ္ထမြောက် အကြီးဆုံးဖြစ်တဲ့ ဒန်ဒီမြို့မှာ ဒီပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပြီး Abertay တက္ကသိုလ်က ဦးစီးပြုလုပ်ခဲ့တာပါ။
သူတို့ရဲ့ ရည်ရွယ်ချက်က ဂိမ်းပွဲတော် လာရောက်သူတွေကို ကျောင်းသားတွေ ဖန်တီးထားတဲ့ ဂိမ်းအမျိုးအစားတွေနဲ့ မိတ်ဆက် ပြသခဲ့တာဖြစ်ပြီး အဲဒီအထဲက ဂိမ်းအမျိုးအစား ၁၅ ခုက နိုင်ငံတကာအဆင့် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဂိမ်းတွေကို ကမ္ဘာတစ်လွှားမှာရှိတဲ့ ကျောင်းသားအဖွဲ့အစည်းတွေက ရက်သတ္တပတ် ကိုးပတ်အကြာ ဖန်တီးခဲ့ကြတာဖြစ်ပြီး ပြိုင်ပွဲတစ်ရပ် အနေနဲ့လည်း ဒီဂိမ်းပွဲတော်မှာ စီစဉ်ပေးခဲ့ပါတယ်။
စကော့တလန် ယဉ်ကျေးမှုဌာန အတွင်းရေးမှူးဖြစ်တဲ့ ဖီယိုနာဟိုက်စလော့က ဂိမ်းပွဲတော်အဖွင့်မှာ Dare Proto Play ဟာ ကမ္ဘာပ်ါမှာ လူငယ်မျိုးဆက်သစ် ဖန်တီးသူများစွာကို များပြားစေဖို့ ဦးတည်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေ အနေနဲ့လည်း အသက်မွေးမှုအတွက် ဝါသနာအလျောက် စိတ်ပါဝင်စားမှု စနစ်မြုပ်နိုင်တဲ့ ပွဲတော်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဒီဂိမ်းပွဲတော်က အနုပညာ၊ သိပ္ပံနဲ့ စီးပွားရေးဆိုင်ရာ ကျောင်းသားအားလုံးတွေထဲက ဂိမ်းရေးသားမှု ဝါသနာထုံတဲ့သူတွေကို ကမ္ဘာတစ်လွှားကနေ ရွေးချယ်ပြီး သူတို့ရဲ့နာမည်ကို ကျော်ကြားစေခဲ့တာ ဖြစ်ပါတယ်။ ပညာရေးမပြီးဆုံးခင်မှာပဲ ဝါသနာနဲ့ ကိုက်ညီတဲ့ ဘဝရပ်တည်မှု တစ်ခုအတွက် နိုင်ငံတကာမှာရှိတဲ့ ဂိမ်းနည်းပညာ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်နိုင်ဖို့ လမ်းဖွင့်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။