ဂရိနိုင်ငံတွင် ကွန်ဆာဗေးတစ် ခေါင်းဆောင် အန်တိုနစ်ဆာမာ ရက်စ် သည် ညွှန့်ပေါင်း အစိုးရသစ်၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။ ဆာမာရက်စ်သည် လောလောဆယ်တွင် ဂရိနိုင်ငံ၌ လူကြိုက်နည်းနေသော အီးယူ-အိုင်အမ်အက်ဖ် ကယ်ဆယ်ရေး အစီအစဉ်ပါ အချက်များကို ပြင်ဆင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။
“ဘုရားသခင်ရဲ့ အကူအညီနဲ့ ဂရိနိုင်ငံကို အကျပ်အတည်း အတွင်းမှ ဆွဲထုတ်ဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်ဆောင်သွားပါမယ်” ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက သတင်းထောက်များအား ပြောသည်။ ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးသွားသော ဝန်ကြီးချုပ် ပီကရမ်မီနော့စ်ကလည်း ဝန်ကြီးချုပ်သစ် အနေဖြင့် ဂရိနိုင်ငံတွင်းမှာရော၊ ပြည်ပမှာပါ တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။ မစ္စတာဆာမာရက်စ်၏ ဒီမိုကရေစီသစ် ပါတီသည် ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရန် ယခင်အာဏာရ ဆိုရှယ်လစ်ပါဆော့ပါတီနှင့် ပူးပေါင်းခဲ့သည်။
အစိုးရသစ်အဖွဲ့တွင် ပါဝင်မည့် လူစာရင်းကို ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာမည်ဟု အစိုးရ အရာရှိတစ်ဦးက ပြောသည်။ ဂရိနိုင်ငံသည် ငါးနှစ်ဆက်တိုက် စီးပွားရေး ဆုတ်ယုတ်မှုနှင့် ကြုံတွေ့နေရပြီး အကြီးအကျယ် ကြွေးမြီတင်ရှိနေရာ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့က ပူးပေါင်း၍ ကယ်တင်ပေးထားရသည်။ သို့သော် ပြီးခဲ့သော လပိုင်းအတွင်း ဂရိနိုင်ငံတွင် နိုင်ငံရေး မရေရာမှုများ ဖြစ်ပေါ်လာခဲ့ရာ ဂရိနိုင်ငံအား ဥရောပသမဂ္ဂမှ ထုတ်ပယ်ရေး ပြောဆိုမှုများရှိခဲ့ပြီး အလျင်အမြန် အရေးယူဆောင်ရွက်ရန် ဖိအားပေးခံခဲ့ရသည်။
Ref: AFP