အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တို့တွင် ရှိသော ဓာတ်အားပေး စက်ရုံကြီးများ ဇူလိုင်လ ၃၁ ရက်နေ့က ထိုးရပ် သွားပြီးနောက် သန်းပေါင်း ၆၇၀ ခန့်ရှိသော လူများသည် အမှောင်ခေတ်ကို ရောက်သွားခဲ့ကြသည်။ ထိုအဖြစ်အပျက် မတိုင်ခင် တစ်ရက်ကလည်း အိန္ဒိယမြောက်ပိုင်း ဓာတ်အားပေးလိုင်းများအားလုံး ပြတ်တောက်သွားခဲ့ရာတွင် လူပေါင်းသန်း ၃၇၀ ခန့်မှာ စွမ်းအင်မဲ့ဘဝသို့ ရောက်သွားခဲ့ရသည်။
လျှပ်စစ်စွမ်းအား လုပ်သားများက တစ်နေကုန်တစ်နေခန်း မရပ်မနား ကြိုးစားခဲ့မှုကြောင့် သြဂုတ်လ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးကို လျှပ်စစ် ဓာတ်အား ပြန်လည်ဖြည့်ဆည်း ပေးနိုင် ခဲ့သည်။ တစ်နိုင်ငံလုံးက လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလွန်အကျွံ ဖြစ်သွားသောကြောင့် ဤကဲ့သို့ ကြောက်စ ရာကောင်းသော ဖြစ်ရပ်မျိုး ကြုံတွေ့ရခြင်း ဖြစ်သည်ဟုဆိုသော အာဏာပိုင်များ၏ ပြောကြားချက်ကို လျှပ်စစ်စွမ်းအင် ကျွမ်းကျင်သူများက ပယ်ချခဲ့ကြသည်။ အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းက ဤကဲ့သို့ အလွန်ဆိုးရွားသည့် လျှပ်စစ်မီး ပြတ်တောက် မှုကြောင့် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရကြောင်း ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏ မြင့်မားလျက်ရှိသော စီးပွားရေး လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို စွမ်းအင်ကဏ္ဍက အမှီလိုက်နိုင်ခြင်းမရှိဟု သိရသည်။ အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု၏ တစ်ဝက်ကျော်ခန့်သည် ကျောက်မီးသွေးကို မှီခိုနေရသည်။ မကြာသေး မီက ပြုလုပ် ခဲ့သော လေ့လာ ချက်တစ်ရပ်က ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနေသော စက်ရုံများတွင် ကျောက်မီးသွေး ခုနစ်ရက်စာပင် မရှိကြောင်း စိုးရိမ်စွာ သိရသည်ဟု ဖော်ပြလိုက်သည်။ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှာ လွန်စွာဆိုရွားလျက်ရှိပြီး မိုးရွာသွန်းမှု အားနည်းသောကြောင့် ရေအားလျှပ်စစ်လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့တွင် အခက်တွေ့စေခဲ့သည်။ အပူချိန်မြင့်မားမှုကိုလည်း ပိုမိုတိုးမြင့်စေခဲ့သည်ဟု သိရသည်။