ကမ္ဘာ့အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေ မြင့်တက်လာလို့ ICU ခန်းတွေ ပြည့်လုနီးပါး ဖြစ်နေ

23-11-2020-yyl-002.jpg

ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ ချီးကျူးခံခဲ့ရတဲ့ ဂျာမနီနိုင်ငံဟာ အခုချိန်မှာတော့ ရောဂါကူးစက်မှု မြင့်တက်လာပြီး ရောဂါပြင်းထန်သူ များလာလို့ အထူးကြပ်မတ်ကုသခန်းတွေ( ICU) ပြည့်လုနီးပါး ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့သောကြာနေ့က ဂျာမနီနိုင်ငံမှာ တစ်ရက်တာ လူနာသစ်စံချိန်အဖြစ် လူနာသစ် ၂၄၀၀၀ တွေ့ရှိခဲ့သလို အထူးကြပ်မတ်ခန်းမှာ ကုသပေးရတဲ့ လူနာအရေအတွက်ကလည်း မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၂၁ ရက်က ဂျာမနီနိုင်ငံမှာ အထူးကြပ်မတ်ကုသပေးနေရတဲ့ ကိုဗစ်-၁၉ လူနာ ၂၆၇ ယောက်ရှိရာကနေ နိုဝင်ဘာလ ၂၀ ရက်မှာ ၃၆၁၅ ယေက်အထိ မြင့်တက်လာခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ၂ လအတွင်း ၁၃ ဆကျော် မြင့်တက်လာခဲ့တာပါ။

ဂျာမနီနိုင်ငံမှာ လူ ၁၀၀၀၀၀ အတွက် အထူးကြပ်မတ်ခန်း ၃၃.၉ ခုတင် အချိုးအစားရှိပေမဲ့ (အီတလီမှာဆိုရင် လူ ၁ သိန်းအတွက် အထူးကြပ်မတ်ခန်း ၈.၆ ခုတင်သာရှိ) ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာလို့ ဂျာမနီကျန်းမာရေးစနစ် ဖိအားများလာပြီး တချို့ဒေသတွေက ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်တဲ့ သတ်မှတ်ပမာဏ ပြည့်လုပြည့်ခင် ဖြစ်နေပါတယ်။ လက်ရှိနှုန်းထားအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့်ရက်သတ္တပတ်တွေအတွင်း ဂျာမနီနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြိုလဲသွားနိုင်တယ်လို့ ဂျာမနီနိုင်ငံခေါင်းဆောင်တွေက ပြီးခဲ့တဲ့သောကြာနေ့မှာ သတိပေးထားပါတယ်။

အထူးကြပ်မတ်ခန်းမှာ ကုသပေးနေရတဲ့ ကိုဗစ်-၁၉ လူနာတွေထဲမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။ လက်ရှိအခြေအနေအရ အရေးတကြီး ခွဲစိတ်ဖို့ မလိုအပ်သူတွေရဲ့ ခွဲစိတ်မှုတွေကို ဖျက်သိမ်းထားရပြီး နေရာလွတ်ဖန်တီးနေရပါတယ်။ ဒါ့အပြင် အထွေထွေ အထူးကြပ်မတ်ကုသခန်းတွေကိုလည်း ကိုဗစ်-၁၉ လူနာတွေ တက်ရောက်ကုသပေးရမယ့်နေရာအဖြစ် ပြောင်းလဲဖန်တီးဖို့ စီစဉ်ထားရပါတယ်။

ဂျာမနီနိုင်ငံရဲ့အခြေအနေဟာ တခြားဥရောပနိုင်ငံတွေအတွက်လည်း သတင်းဆိုးဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ ကျန်းမာရေးစနစ် မတောင့်တင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကိုဗစ်-၁၉ လူနာတွေကိုပါ လက်ခံကုသပေးနေတာပါ။ မတ်လ ၂၁ ရက်ကနေ ဧပြီလ ၁၂ ရက်အတွင်း ဂျာမနီနိုင်ငံက လွှဲပြောင်းလက်ခံခဲ့တဲ့ ကိုဗစ်-၁၉ ပြည်ပလူနာ ၂၃၂ ‌ယောက် ရှိပါတယ်။ အီတလီက ၄၄ ယောက်၊ နယ်သာလန်က ၅၈ ယောက်၊ ပြင်သစ်က ၁၃၀ ယောက် ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးစည်းမျဉ်းတွေ ထုတ်ပြန်ထားတာကို မကျေနပ်တဲ့အတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဘာလင်မြို့ လွှတ်တော်အဆောက်အအုံမှာ လွှတ်တော်အမတ်တွေက ကန့်သတ်မှုစည်းမျဉ်းတွေကို စည်းကြပ်ဖို့ တရားရေးဆိုင်ရာလုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိရေး အစီအစဉ်တွေကို ဆွေးနွေးနေချိန်မှာ လူထောင်ပေါင်းများစွာက လွှတ်တော်နားမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတော်တော်များများကလည်း နှာခေါင်းစည်းတွေ တပ်ဆင်ထားခြင်းမရှိပါဘူး။ ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ရတာပါ။

အဲဒီလိုဆန္ဒပြကြတဲ့လုပ်ရပ်ဟာ လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ ရှေ့တန်းကနေ ကြိုးပမ်းပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ ဂျာမနီနိုင်ငံမှာ အထူးကြပ်မတ်ကုသခန်း ခုတင် ထောင်နဲ့ချီ ကျန်ရှိနေသေးပေမဲ့ ကိုဗစ်-၁၉ လူနာသစ် တွေ့ရှိမှုက ကျဆင်းသွားမယ့်အလားအလာ မရှိသေးလို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

CNN သတင်းဌာန၏ European countries believed that Germany would always have spare ICU beds for them. Now they’re almost full ကို ကောက်နုတ်ဖော်ပြသည်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top