သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

7-1-2021-yyl20.jpg

မိဘတိုင်းက သူတို့ရဲ့ကလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး တော်တဲ့ကလေးတွေဖြစ်စေချင်ကြပါတယ်။ ဒါဆိုရင်တော့ ကလေးတွေကို မှန်ကန်တဲ့ အစားအသောက်တွေ၊ အာဟာရတွေဖြည့်တင်းပေးဖို့အပြင် Brain Gym Exercise လို့ခေါ်တဲ့ ဦးနှောက်ဖွံ့ဖြိုးစေမယ့် လေ့ကျင့်ခန်းတွေ သင်ကြားပေးဖို့လည်း လိုအပ်မှာပါ။ ဘာတွေလိုအပ်လည်း သေချာဆက်ရှင်းပြပေးပါမယ်နော်။

သားသားမီးမီးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေမယ့် အစားအစာများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ အစားအစာတိုင်းမှာ အာဟာရဓာတ်တွေပါဝင်နေတာမှန်ပေမယ့် အကျိုးပြုပေးတဲ့ သဘောသဘာဝခြင်းတော့ တူညီမှာမဟုတ်ပါဘူး။

ဒါကြောင့် ကလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးအောင် ကူညီပေးနိုင်တဲ့ အစားအစာတွေကို မိဘတိုင်းက သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သားသားမီးမီးတွေရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပါပဲ။

ပင်လယ်ငါး – DHA နဲ့ EPA လို omega-3 fatty acids ပါဝင်တဲ့ ပင်လယ်ငါးတွေဟာ ဦးနှောက်ဖွံ့ဖြိုးရေးမှာ သိပ်ကိုအရေးပါပါတယ်။ ဦးနှောက်ရဲ့ ၆၀% ဟာ အဆီဓာတ်ဖြစ်တာမို့ အဆီပါဝင်တဲ့ ပင်လယ်ငါးတွေကို မှီဝဲပေးတာက ဦးနှောက်နဲ့ အာရုံကြောအားကောင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

ဥအမျိုးမျိုး – ဥတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေကလည်း ဦးနှောက်ကို အကျိုးဖြစ်ထွန်းစေပါတယ်။ အထူးသဖြင့် မှတ်ဉာဏ်အားကောင်းဖို့ အထောက်အကူဖြစ်စေမယ့် Choline ကို ကြက်ဥအနှစ်ထဲမှာ တွေ့ရှိနိုင်ပါတယ်။

ဘယ်ရီသီး – စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေဟာလည်း anti-inflammatory properties တွေနဲ့ antioxidant တွေပါဝင်နေတာမို့ ရေရှည်မှာ စိတ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်လာနိုင်ခြေကို လျှော့ချပေးပါတယ်။

အစေ့အဆန်များ – အစေ့အဆန်တွေကတော့ ကလေးတွေအတွက် မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပြု အစားအစာတွေပါ။ ပရိုတင်း၊ essential fatty acids ၊ iron နဲ့ zinc တွေက ဦးနှောက်နဲ့ နှလုံးဖွံ့ဖြိုးရေးကို ကောင်းကောင်းကူညီကြပါလိမ့်မယ်။

ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံများ – ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက ကလေးတွေရဲ့ ဦးနှောက်လေး တက်ကြွနေပြီး ကျန်းမာနေဖို့လည်း အထောက်အကူပြုပါတယ်။

အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ – အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကတော့ free radicals တွေက ဦးနှောက်လေးကို နှောင့်ယှက်မယ့်ရန်ကနေ ကာကွယ်ပေးမှာပါ။

အဆီပါဝင်မှုနည်းသော အသားများ – အနီရောင်အသားတွေရဲ့ အဆီနည်းတဲ့အစိတ်အပိုင်းတွေကလည်း ကလေးရဲ့ ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် ရရှိအောင် ပံ့ပိုးပေးမှာမို့ ရှင်းလင်းစွာတွေးတောနိုင်စွမ်းနဲ့ ချင့်ချိန်နိုင်စွမ်းတွေကို မြင့်တက်စေပါလိမ့်မယ်။

အုတ်ဂျုံကဲ့သို့သော နှံစားများ – အုတ်ဂျုံကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ဗီတာမင် E ၊ ဗီတာမင် B ၊ potassium နဲ့ zinc တို့လည်း ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ပေးပါလိမ့်မယ်။

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေမယ့် လေ့ကျင့်ခန်းများ

ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်ဆိုရင် အစားအစာတွေချည်း ကျွေးမွေးနေလို့လည်း မရပါဘူး။ ဦးနှောက်ကို အလုပ်ပေးဖို့လည်းလိုတာပေါ့။ ဦးနှောက်ဆိုတာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမို့ ကိုယ်ခန္ဓာကြီးလိုပဲ လေ့ကျင့်ခန်းလေး လုပ်ပေးရမယ်လေ။

ကလေးတွေအတွက်ဆိုရင်တော့ ဦးနှောက်ကျန်းမာရုံတင်မက ဖွံ့ဖြိုးထက်မြက်ဖို့အတွက်ပါ ရည်ရွယ်ပြီး လေ့ကျင့်ပေးဖို့ လိုအပ်မှာပါ။ အောက်မှာ ဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးပြီး မှတ်ဉာဏ်တိုးတက်အောင် ကူညီပါလိမ့်မယ်။

  • တွေးတောနိုင်စွမ်းမြင့်မားအောင် Jigsaw puzzle လေးတွေ ဆက်ခိုင်းပါ
  • မှတ်ဉာဏ်အားကောင်းဖို့ အရုပ်ကတ်ကလေးတွနဲ့ ကစားပါစေ
  • စကားလုံးလေးတွေပါဝင်တဲ့ ဂိမ်းလေးတွေ ဆော့ပါ
  • ပျော်ရွှင်စေကခုန်တာမျိုးကို အားပေးပါ
  • ကိုယ်ပိုင်အသိစိတ်လေးနဲ့ တွေးတော ဆုံးဖြတ်တာတွေကို ခွင့်ပြုပေးပါ
  • စူးစမ်းလေ့လာလိုစိတ်ကို မတားဆီးပါနဲ့
  • နှစ်သက်ရာ သီချင်းအမျိုးအစားတွေကို ဖွင့်ပြပါ၊ သီချင်းနားထောင်ခိုင်းပါ
  • ကလေးပီပီ လူကြီးတွေရဲ့ အပြုအမူ၊ ဝတ်စားဆင်ယင်မှုတွေကို စိတ်ဝင်စားမှုပြသလာရင် လေ့လာပါစေ။


ဒီနည်းလမ်းတွေကတော့ ကလေးတွေရဲ့ လေ့လာနိုင်စွမ်းနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို တိုးတက်လာစေမှာဖြစ်တာမို့ သားသားမီးမီးတွေ ဦးနှောက်ဖွံ့ဖြိုးမှုကို ပိုပြီးလျှင်မြန်ထိရောက်စေမယ့်နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top