”ဓားပြကြောက်လို့ ရဲအားကိုး၊ ရဲက ဓားပြထက် ဆိုး”အဖြစ် ကြုံခဲ့တဲ့ ခရီးသွားအေဂျင်စီ

21.4.2023-yyl-iamge-20.jpg

အာဂျင်တီးနားခရီးသွား အေဂျင်စီတစ်ခုဟာ တစ်နေ့တည်း ၂ ကြိမ်တိုင်တိုင် လုယက်ခံခဲ့ရပါတယ်။ တစ်ကြိမ်ကတော့ ဓားပြတွေက လုယက်ခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ဓားပြတွေကို ဖမ်းပေးမယ်ဆိုပြီး ရောက်လာတဲ့ ရဲတပ်ဖွဲ့က လုယက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဗျူနိုအေရိစ်မြို့က ခရီးသွားအေဂျင်စီရုံးကို လက်နက်ကိုင်ဆောင်ထားတဲ့ ဓားပြနှစ်ယောက် ဝင်လာပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်အနိုင်ကျင့်ကာ ပီဆိုငွေ သိန်းချီ ယူသွားခဲ့ပါတယ်။ ဓားပြတွေ ထွက်သွားတာနဲ့ ဝန်ထမ်းတွေက ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာမှာ ၁၀ မိနစ်အတွင်း ရဲ ၃ ယောက် ရောက်လာခဲ့ပါတယ်။

ဝန်ထမ်းတွေကို စစ်ဆေးမေးမြန်းပြီးနောက် ရဲတွေ ပြန်ထွက်သွားခဲ့ပါတယ်။ ရဲတွေ ပြန်ထွက်သွားချိန်မှာတော့ ဓားပြလက်ထဲ ပါမသွားတဲ့ ပီဆိုငွေ ၄ သန်းပါ အိတ်တစ်လုံး ပျောက်ဆုံးသွားတာကို ခရီးသွားအေဂျင်စီ ဝန်ထမ်းတစ်ယောက်က သတိထားမိခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ ရဲအရာရှိတစ်ယောက်က အဲဒီအိတ်ကို ချိုင်းကြားညှပ်ပြီး ထွက်သွားခဲ့တာ တွေ့ရပါတယ်။ မှားယူသွားတာဖြစ်မယ်ထင်ပြီး ရဲစခန်းကို ဖုန်းဆက်ကြည့်တော့ ရဲအရာရှိတွေက ပိုက်ဆံအိတ်အကြောင်း အစီရင်ခံစာ ရေးမထားဘူးလို့ ဖုန်းကိုင်တဲ့ ရဲက ဆိုပါတယ်။

CCTV မှတ်တမ်းတွေကို စစ်ဆေးပြီးနောက်မှာတော့ အစိုးရရှေ့နေက အဲဒီရဲအရာရှိ ၃ ယောက်ကို ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ခရီးသွားအေဂျင်စီဟာ အဆောက်အအုံရဲ့ ၇ လွှာမှာ တည်ရှိတာဖြစ်ပြီး ဓာတ်လှေကားရှိပေမဲ့ ရဲတွေက ရိုးရိုးလှေကားကနေ ဆင်းသွားခဲ့တာပါ။ ဓာတ်လှေကားထဲမှာ CCTV တပ်ဆင်ထားမှန်းသိလို့ CCTV ကနေ ရှောင်လွှဲဖို့ ရဲအရာရှိတွေက ရိုးရိုးလှေကားကနေ ဆင်းသွားခဲ့တာပါ။ အဲဒီရဲအရာရှိ ၃ ယောက်ကို အခုတစ်ပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရဲတစ်ယောက်ရဲ့ အိမ်ကနေ ငွေအပြည့်ပါတဲ့ အိတ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။

Ref: Business Gets Robbed Twice in One Day, Once by Robbers, Then by Police

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top