နံနက် ၄း၃ဝ မိနစ်အချိန် တယ်လီဖုန်း မြည်သံက စူးစူး ဝါးဝါး နားထဲ တိုးဝင်
လာသည်။ အိပ်ချင် စိတ်ကို ဖြေဖျောက်ကာ အိပ်ရာမှ လူးလဲ ထလိုက် သည်။ ရေမိုးချိုး၍ ကိုယ်လက်သန့်စင်ကာ ပစ္စည်း ပစ္စယများ ကို အိတ်ထဲ အမြန်ထည့်ရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြား ရေးတာဝန်ခံ ကိုစိုးမိုး ကလေဆိပ်ကို ၅ နာရီအရောက်လာ ရန်ချိန်း ဆိုထားသည်။ ကျွန်တော်တို့ မီဒီယာမှ လူတချို့ သည် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကလပ်အသင်း ပိုင်ရှင်များနှင့်အတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ လိုက်ပါကြမည်ဖြစ်သည်။ လေယာဉ်ကွင်းရောက်စဉ် မီဒီယာများသာမက ပြေတီဦး နှင့် ဒါရိုက်တာဝိုင်း ကိုပါ တွေ့ လိုက်ရသည်။ လိုက်ပါမည့်သူ အားလုံး စိတ်လှုပ်ရှားနေကြ သည်။မကြာသေးခင် နာရီပိုင်း အလိုအထိ Facebook ကြည့်ထားကြသည့် အတွက် ဤခရီး စဉ်ကို စိတ်ပူနေကြခြင်းဖြစ်သည်။ သို့သော် ရွာတွေကို စွန့်ခွာထွက် ပြေးလာကြ ရသည့် မျက်နှာများ ကို မေ့ဖျောက်ပစ်၍မရ။ ထိုအချက်က ကျန်တာတွေ အားလုံးကိုအနိုင်ယူ ကျော်လွှားသွားသည်။
၇နာရီ တိတိတွင် လူတွေ အားလုံးစုံလင်နေပြီ ဖြစ်သည်။ သို့သော် KBZ လေကြောင်းလိုင်းက လာရောက်ခေါ်ခြင်း မရှိ။ အကြောင်းစုံကို စုံစမ်းကြည့်လိုက်တော့ ATC က စစ်တွေသို့ပျံသန်းခွင့်မရ။ Air Traffic Control မှ လုံခြုံရေးပြဿနာရှိနေ၍ စစ်တွေသို့သွားရန် အခက် အခဲဖြစ်နေသည်။ အားလုံးကော်ဖီဆိုင်တွင် ပြန်ထိုင်ပြီး သက်ဆိုင်သူများထံ ဖုန်းတွေဆက်ကြရသည်။ ယခုအခြေအနေ အတိုင်းဆိုလျှင် ကိုယ့်အိတ် ကိုယ်ဆွဲပြီး အိမ်ပြန်ရ မည့်ကိန်း ဆိုက်နေပြီ။ နောက်ဆုံး ၈နာရီထိုးမှ လေယာဉ် ပျံတက်ခွင့်ရသည်။ ထိုအချိန်တွင် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ မိုးတွေ သဲသဲမဲမဲရွာနေ သည်။ လေယာဉ်မှူး ကြီး ကပ္ပတိန် ကျော်လင်းဦး ကတော့ မျက်နှာတွင် ယုံကြည်မှုအပြည့်။ လိုက်ပါလာကြမည့်သူအားလုံး မိုးရေစက်တွေထဲမှ လေ ယာဉ်ထဲအပြေးတိုးဝင်ရသည်။
ရန်ကုန်က ပျံတက်တော့ မနက် ၈ နာရီခွဲရှိပါပြီ။ လေယာဉ်လေထုထဲရောက်မှ ဘေးထိုင်ခုံတွင်ပါ လာသည့်လေယာဉ် မှူးဟောင်း ဆရာ မာဂျေက ယခုလို Pre Monsoon နှင့် Post Monsoon ကာလများတွင် လေ ယာဉ် မစီးသင့်ကြောင်း အကြံပေးသည်။ စောစောက မပြောဘဲ လေထဲရောက်မှပြောသည့် အတွက် အထူးကျေးဇူးတင်ပါသည်။ လေယာဉ်မှူးကြီးက KBZ လေကြောင်း လိုင်းခရီးစဉ် အမှတ် K7.461 အဖြစ် ရန်ကုန်မှ စစ်တွေသို့ ၁နာရီ ၁၅မိနစ်ကြာ အမြင့်ပေ ၁၈ဝဝဝ မှပျံသန်းမည် ဖြစ်ကြောင်း ခရီးသည် အားလုံးကို အသိပေး ကြေညာ ပါသည်။ လေယာဉ်ပြတင်းပေါက် အပြင်ဘက်ကိုကြည့်တော့ မိုးတိမ်တွေနှင့် မည်းမှောင်နေ သည်။ လေယာဉ်မောင်က အမြင့်ပေ ၁၈ဝဝဝရောက်သော် လည်း ရာသီဥတု မကောင်း၍ ထိုင်ခုံခါးပတ်များမဖြုတ်ကြရန် သတိပေးနေ သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး သူတို့ထံအရောက် သွားကြမည်။ ၂ဝဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် မြစ်ဝကျွန်းပေါ်ကို အရင် ရောက်သွားသည့် သူများမှာ မီဒီယာနှင့် အနုပညာရှင်တွေပဲ ဖြစ်သည်။ ယခုလည်း လေယာဉ်ပေါ် တွင် Weekly Eleven၊ ပေါ်ပြူလာ၊ 7 Day၊ MRTV-4 အပါအဝင် မီဒီယာသမား အများအပြားတွေ့ရသည်။
ဘောလုံး ကလပ် ပိုင်ရှင်များ၊ အမှုဆောင်အရာရှိချုပ်များ၊ အထွေထွေ မန်နေဂျာများ လည်း ပါဝင်သည်။ သူတို့အားလုံး၏ ပုဂ္ဂလိကဘဝတွင် ကွဲပြားခြားနားသည့် ရည်မှန်းချက်များ ရှိကြသော်လည်း ယခုငြိမ်းချမ်းရေး ခရီးစဉ်တွင် မျှော်မှန်းချက်က တစ်ခု တည်းဖြစ်ပါသည်။ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ခရီးဆက်ကြမည်။ ရခိုင် ပြည်နယ်၊ စစ်တွေလေဆိပ် ကိုရောက်တော့ ၁ဝ နာရီထိုး ပြီဖြစ်သည်။လေဆိပ်တွင် စစ်ဘက်ရဟတ်ယာဉ် ၂ စီး ကိုလည်းတွေ့ရသည်။ လေဆိပ်မှာ လူတွေ၊ ကားတွေရှုပ်ယှက် ခတ်နေသည်။ လေဆိပ်က ထွက်လာတော့လည်း လမ်းဘေးမှာက အမုန်းမုန်တိုင်းတွေ မစဲသေး။ မီးကြွင်းမီးကျန်တွေကို မီးသတ်ရဲ ဘော်တွေကငြှိမ်းသတ်နေကြသည်။ ပြည်နယ် အစိုးရရုံးစိုက် ရာနေရာ နှင့်လေဆိပ်က ဝေးလှသည်တော့ မဟုတ်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်ကတော့ တိတ်ဆိတ် ခြောက်သွေ့နေသည်။ ဈေးကြီးကို လည်း ပိတ်ထားသည်။ လူတွေ၏ မျက်နှာတွေက စိုးရိမ်ကြောင့်ကြမှုတွေဖြင့် ပြည်နယ် ရုံးရောက်တော့ Eleven မှ မာန်သူရှိန်၊ Voice မှ မိုးကျော်တို့က စောင့်မျှော်နေကြသည်။ သူတို့တွေက အသက်အန္တရာယ်နှင့် ရင်းကာ မှတ်တမ်း သတင်းများ ရယူနေခြင်းဖြစ်သည်။ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နှင့် ဘောလုံး ကလပ်အသင်းများက ရခိုင် ပြည်နယ်အစိုးရသို့ သိန်းပေါင်း ၄၂ဝဝ လှူဒါန်းသည်။
ဤအခမ်းအနားပြီးတော့ ကျွန်တော်တို့အားလုံး အဓိဋ္ဌာန်ဘုရားဝင်းအတွင်းရှိ ဒုက္ခသည်များထံ သွားကြသည်။ ဒေသအခေါ်က အာဓိသံတဲ့။ ဘုရားဝင်းကြီး ထဲတွင် ထွက်ပြေးလာသော ဒုက္ခသည် ၁ဝဝဝ ကျော်ကို တွေ့ရသည်။ သံဃာတော်က၂၅ပါး၊ အဘွားအရွယ်တွေ၊ ကလေးမိခင်တွေ၊ ကလေး ငယ်တွေ အများအပြားက ဝမ်းသာနေသော မျက်လုံးများနှင့် အရောင်တောက် ပနေသည်။ အဓိဋ္ဌာန်ဘုရားဝင်း ဒုက္ခသည်စခန်းတွင် မြန်မာစာနယ်ဇင်း သမဂ္ဂနှင့် မီဒီယာလူငယ်များက သိန်း၅ဝ၊ Asian Fame Media Groupက သိန်း၂ဝ၊ Eleven Media Groupက သိန်း၂ဝ လှူဒါန်းခဲ့သည်။ အချိန်က သိပ်မရ။ သို့သော် အားလုံးကနောက်ထပ် Camp တစ်ခုလောက်ကို တတ်နိုင် သမျှ သွားချင်နေကြသည်။ လေယာဉ်ကလည်း ပျံတက်ဖို့နီးကပ်နေပြီ။ သို့သော် နှလုံးသား၏ ဆန္ဒကိုဦးနှောက်က အနိုင်မယူနိုင်။ ထပ်မံပြီး တပ်ဦး ပရိယတ္တိ စာသင်တိုက်ရှိ ဒုက္ခသည်များထံ ရောက်သွားကြသည်။ ထိုစခန်း တွင် ပြေတီဦးက သိန်း၂ဝ၊ ဒါရိုက်တာဝိုင်းက ၁၅သိန်း၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သိန်း ၅ဝဝ ထပ်မံလှူဒါန်းသည်၊၊ မိုးတွေကသဲသဲမဲမဲရွာနေသည်၊၊ လူတွေကမိုးရေထဲမှာ။ သို့သော်ကရုဏာ၊ မေတ္တာတရားများနှင့် ပူနွေးနေသည်။ သို့ သော် နောက်ထပ်စခန်းတွေကို သွားဖို့ရာတော့မဖြစ်နိုင်တော့ချေ။ လေဆိပ်ကိုပြန်ရောက်တော့ လေယာဉ်ကစက်နှိုးပြီး ပျံသန်းရန် အသင့်ဖြစ်နေ ပြီ။ မိုးရေတွေကြားထဲက အမြန် ပြေးတက်ရသည်။ နာရီကြည့်လိုက်တော့ ၁၁နာရီခွဲ ရှိ နေပြီဖြစ်သည်။ မည်းမှောင်နေသော မိုးတိမ်ထုကြားထဲမှ လေယာဉ်ပျံတက်ခဲ့ရသည်။ ပတ်ဝန်းကျင်သည် ဘာမျှမသဲကွဲ။ ကြမ်းတမ်း ခက်ထန်သည့် လေပြင်း ဒဏ်ကြောင့် လေယာဉ်ကသိမ့်ခနဲ တုန်ခါသွားသည်။ ထိုမိုးတိမ်တိုက်ကြီးကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးတော့မှ နေရောင်ခြည်ကို တွေ့မြင်လိုက်ရသည်။ ငြိမ်းချမ်းရေး ခရီးစဉ်အမှတ် K7.461 သည် အောင်မြင်စွာပျံသန်းနေသည်။ နေရစ်ခဲ့ ပေဦးတော့ ငါတို့ချစ်သော ဓညဝတီ။