ပူတာအို ခရိုင်တွင် မိုးရွာသွန်းမှုနှင့် နယ်မြေ မအေးချမ်း မှုများကြောင့် ဆန်ရှားပါး ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဆန်ဈေးများနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေ သည်ဟု ပူတာအိုမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ပူတာအိုမြို့နှင့် မြစ်ကြီးနား ဆွမ်ပရာဘွမ်ကားလမ်းမှာ မိုးတွင်းကာလတွင် လမ်းမကောင်းသဖြင့် သွားလာရန်ခက်ခဲပြီး နယ်မြေ မအေးချမ်းမှုများကြောင့်လည်း လမ်းကို အသုံးမပြုနိုင်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ပူတာအိုမြို့၌ ဆန်တစ်ပြည်လျှင် ကျပ်သုံးထောင် ဈေးနှုန်း ရှိနေပြီး တစ်တင်းခွဲ တစ်အိတ်လျှင် ကျပ်ခြောက်သောင်းခန့်မှ တစ်သိန်းခန့်ထိ ပေး၍ ဝယ်ယူ စားသုံးနေရကြောင်း ပူတာအိုမြို့ခံများက ပြောကြားသည်။ ပူတာအိုခရိုင်သို့ ဆန်သယ်ယူရာတွင် လေကြောင်းလိုင်း တစ်ခုတည်းဖြင့်သာ သယ်ယူနိုင်ပြီး လေကြောင်းလိုင်း၏ သတ်မှတ်ပေါင်ထက်ပိုပါက ပေးဆောင်ရသော ပေါင်ပိုကြေးများကြောင့်လည်း ဆန်ဈေးနှုန်း ကြီးမြင့်နေရခြင်း ဖြစ်သည်ဟု သိရသည်။
ယခင်နှစ်များကလည်း မိုးရာသီတွင် မြစ်ကြီးနား- ပူတာအိုလမ်းကို ကောင်းမွန်စွာ အသုံးမပြုနိုင်သော်လည်း ယခုလောက်ထိ ဆန်ဈေးနှုန်း ကြီးမြင့်ခြင်း မရှိဘဲ ယခုနှစ်တွင်မူ နိုင်ငံရေးအခြေအနေနှင့် နယ်မြေ မအေးချမ်းမှုပါ ပါဝင်၍ ထိုမျှ ဆိုးရွားသွားခြင်းဖြစ်ကြောင်း ပူတာအိုမြို့မှ ဒေသခံများက ပြောကြားသည်။ ကုန်းလမ်းမှ သယ်ယူရာတွင်လည်း လမ်းပိတ်မှုနှင့် နယ်မြေ မအေးချမ်းမှုကြောင့် ဆိုင်ကယ်ဖြင့် သယ်ရာ၌ အဆုံးအရှုံးသာ များနေပြီး သယ်ယူမရနိုင်တော့ကြောင်း ပူတာအိုမြို့ဈေးမှ ဆန်ရောင်းသူတစ်ဦးက ပြောသည်။ “သူတို့ အရင်လှောင်ထားတဲ့ ဆန်တွေကို ထုတ်ရောင်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်။
ချမ်းသာတဲ့သူတွေပဲ လေယာဉ်နဲ့သယ်နိုင်တယ်။ ကုန်သည်တွေအတွက်တော့ လေယာဉ်နဲ့သယ်လို့ မကိုက်ဘူး။ အခုချိန်မှာ ပိုက်ဆံရှိတဲ့သူအတွက် မထောင်းသာပေမယ့် ဆင်းရဲတဲ့သူတွေအတွက်တော့ ဆန်ဈေးက အဆမတန်ဖြစ်နေလို့ တော်တော်ဒုက္ခရောက်နေကြတယ်” ဟု ပူတာအိုမြို့မှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ ဦးသန်းအောင်က ပြောသည်။ ပူတာအိုခရိုင်တွင် မိုးရွာသွန်းမှုများကြောင့် တောင်သူများ၏ မျိုးစပါးအချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။ ပူတာအိုမြို့သို့ မြန်မာ့လေကြောင်းနှင့် အဲပုဂံလေကြောင်းလိုင်း နှစ်လိုင်းသာ ပျံသန်းပြေးဆွဲနေပြီး လေကြောင်းလိုင်းများက တစ်ပတ်လျှင်နှစ်ရက် ပျံသန်းပေးနေကြောင်း သိရသည်။
အခက်အခဲများ လတ်တလော ပြေလည်စေရန် တပ်မတော်မှ ပူတာအိုဒေသရှိ ဒေသခံတိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းများအတွက် ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဇူလိုင်လ ၂၄ ရက်မှ စ၍ ပို့ဆောင်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။ ထောက်ပံ့ရေးပစ္စည်းများတွင် ဆန်အိတ် ၇၃၀၊ စားသုံးဆီ ၄ ပီပါ၊ ဆားပိဿာချိန် ၂၅၀ နှင့် ကြက်သွန်ပိဿာချိန် ၈၀၀ တို့ ပါဝင်ကြောင်း သိရသည်။
ပူတာအိုခရိုင်တွင် မြို့နယ် ၆ မြို့နယ်ရှိပြီး လူဦးရေနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။ အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြားတွင် လက်နက်ကိုင်တိုက်ပွဲများ စတင်ခဲ့ချိန်မှစ၍ မြစ်ကြီးနား ပူတာအို လမ်းတစ်လျှောက်တွင် တံတားမိုင်းခွဲမှု (၁၁) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ တံတားကြီးငယ်များ ပျက်စီးခဲ့သည်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။