နှစ်ဆယ့် လေးနာရီ ပိတ်ရက် မရှိ ဖွင့်လှစ်ရောင်း ချပေးနေသော သီရိ မင်္ဂလာဈေး ကြီး အတွင်းသို့ ရှမ်းပြည် နယ်မြောက်ပိုင်း သီပေါမြို့မှ နာနတ်သီးများအလုံးအရင်း ဝင်ရောက် လျက်ရှိပြီး ယခုနှစ် သရက်ကုန်သည်များ အရှုံးဘက်သို့ ဦးတည်နေကြောင်း အဆိုပါဈေးအတွင်းမှ စုံစမ်းသိရှိရသည်။
ပစ္စည်းပြတ်နေသည့် ပန်းသီး
တရုတ်နိုင်ငံမှ ဝင်ရောက်နေသော ပန်းသီးများမှာ တရုတ်နိုင်ငံမှ တွင် ပစ္စည်းပြတ် နေသဖြင့် ပွဲစားများ အလုအယက်ဝယ်ယူ နေကြသော်လည်း ပြည်တွင်း၌အရောင်း ပါးနေကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ပန်းသီးပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ယခုလက်ရှိဝင်ရောက်နေသော တရုတ် ပန်းသီးများမှာ ရာသီကုန်ချိန်ဖြစ်သဖြင့် အဝင်နည်းနေပြီး မိုးရာသီကာလအတွင်း ရန်ကုန်မြို့တွင် စားသုံးသူအများစုမှာ ပန်း သီးစားသုံးမှု နည်းပါးခြင်းကြောင့် အ ရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ရှင်းပြသည်။ "ပန်းသီးကအခုချိန် နေ့တိုင်းလည်းမ ဝင်ဘူး။ တစ်ပတ်ကိုကားနှစ်စီးသုံးစီးလောက် ပဲဝင်တာ။ နောက်သုံးစီးလောက်ကားဝင် ပြီးရင် ပြတ်ပြီ။ နေသာရင်တော့ ရောင်း ကောင်းတယ်၊ မိုးရွာရင်တော့ ရောင်းမ ကောင်းဘူး" ဟု ၄င်းက ဆိုသည်။ ယခုလာမည့် ဩဂုတ်လကုန်ပိုင်း လောက်တွင် တရုတ်ပန်းသီးအဝါနှင့် အကျွတ်သီးများ စတင်ဝင်ရောက်လာမည် ဖြစ်ပြီး ယခုဝင်ရောက်နေသော ချင်ကွမ်သီး များမှာ မြို့တွင်းဝယ်လက်နည်းပါးနေသ ဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းသို့ တင်ပို့နေကြောင်း သီရိမင်္ဂလာဈေးရုံ(ခ)တွင် ရောင်းချနေ သော ပန်းသီးပွဲစားတစ်ဦးက ဆက်လက် ပြော ကြားသည်။ လာမည့်ပန်းသီးဈေးကွက်မှာ ဩဂုတ် လကုန်ပိုင်းလောက်တွင် ပြန်လည်ကောင်း မွန်လာနိုင်ပြီးယခုလက်ရှိ ချင်ကွမ်သီးတစ် ဖာလျှင် ကျပ် ၁၁၀ဝ၀-၁၂၀ဝ၀၊ အလုံး ၆၀ ပါ တစ်ဖာလျှင် ကျပ် ၁၀ဝ၀ဝ၊ အလုံး ၅၄ လုံးပါ တစ်ဖာလျှင် ကျပ် ၂၃၀ဝ၀ ခန့်ရှိ ကြောင်း၎င်းကပြောသည်။
တစ်ရက်လျှင် ခြင်းအနည်းငယ်သာ ဝင်တော့သည့် ဒူးရင်းသီး
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ ဝင်ရောက်နေသော ဒူးရင်းသီးများမှာ ယခင်က ကားအစီးလိုက်ဝင်ရောက်နေကြ ဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် အလုံး ၄၀၊ ၅၀ ပါ ခြင်းနှစ် ခြင်း၊ သုံးခြင်းခန့်သာဝင်ရောက်တော့ ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဗမာ၊ ယိုးဒယားဒူးရင်းသီးများရောင်းဝယ်သော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ယခုလ ပထမဆုံးအပတ်မှစတင်၍ ဒူးရင်းသီးများ သိသိသာသာ အဝင်နည်း သွားပြီး ဝင်ရောက်လာသောအသီးများမှာ လည်းအရည်အသွေးကျဆင်းလာသဖြင့် ဝယ်လက်အများစုက မနှစ်သက်တော့ ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။ မွန်ပြည်နယ်နှင့် အခြားဒေသများမှ ဒူးရင်းသီးစိုက်ပျိုးနေသော တောင်သူအများ စုမှာ လက်ကျန်အသီးများကိုသာ တင်ပို့ နေခြင်းဖြစ်ပြီး အသီးအများစုမှာ ရေထိ ကာ အသီးအတွင်းသို့ရေများဝင် ရောက် လာပြီး အချိုပေါ့လာကြောင်း သီရိမင်္ဂလာ ဈေးရုံ(င)မှဒူးရင်းသီးရောင်းဝယ်သူ တစ် ဦးက ဆက်လက်ပြောကြားသည်။ ယခုရာသီသည် ဒူးရင်းသီးရာသီ ကုန်ချိန်သို့ရောက်ရှိလာပြီး ဈေးနှုန်းများ ထက်ဝက်နီးပါးခန့် မြင့်တက်လာကြောင်း၊ ယခင်က တစ်လုံးလျှင်ကျပ် ၈၀ဝ ခန့်ရှိ သော အသီးများမှာ ယခုကျပ် ၁၅၀ဝ ခန့် ဖြစ်နေပြီး အလုံးအကြီးအသေးအပေါ် မူတည်၍ တစ်လုံးလျှင် ကျပ် ၂၀ဝ၀ ခန့်မှ ကျပ် ၃၀ဝ၀ အထိရှိကြောင်း၎င်းကဆို သည်။ ယခုလက်ရှိ ဝင်ရောက်လျက်ရှိသော ဒူးရင်းသီးများမှာ ပန်းသီးဝင်ရောက်မှုမရှိ သောရက်များတွင်သာရောင်းအားတက်လေ့ ရှိပြီး ပန်းသီးနှင့်တစ်ရက်တည်းပြိုင်ဝင် လာပါက အရောင်းပါးကြောင်း ဝယ်လက် အများစုမှာ ဒူးရင်းသီးနှင့် ပန်းသီးနှိုင်း ယှဉ်လာပါက ပန်းသီးကိုသာအဝယ်စွဲကြ ကြောင်း ဒူးရင်းသီးပွဲစားတစ်ဦးက ပြော သည်။
မင်းကွတ်သီး ဝယ်လက်ပျောက်
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ မှထွက်ရှိသော မင်းကွတ်သီးများရာသီ ကုန်ချိန်သို့ ရောက်ရှိလာသော်လည်း အရည်အသွေးမကောင်းတော့သဖြင့်ဝယ် လက်ပျောက်နေကြောင်း သီရိမင်္ဂလာဈေး အတွင်းရှိ သစ်သီးမျိုးစုံ ရောင်းဝယ်နေ သောပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ရာသီကုန်ချိန်သို့ ရောက်ရှိလာသော မင်းကွတ်သီးများမှာ တစ်ရက်လျှင်ပွဲရုံတစ် ရုံသို့ အလုံး ၃၅၀ ဝန်းကျင်ခန့်ပါသော တာ တစ်တာ၊ နှစ်တာ ခန့်သာဝင်ရောက် လျက်ရှိပြီး ဝင်ရောက်လာသောအသီးများ မှာလည်းအခွံမာပြီး အရသာမှာ အချဉ် ဓာတ်ပိုများလာကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ " မိုးရာသီရောက်တော့ အခွံကမာလာ ပြီ။ အထဲကအသားကလည်းအခွံနဲ့ကပ် ပြီးပြဲထွက်ကုန်ရော။ တချို့ဆိုစားလို့တောင် မရဘူးဟု ၄င်းကဆိုသည်။ သစ်သီးမျိုးစုံ လက်လီရောင်းဝယ်သူ တစ်ဦးက " ဒီတစ်ခေါက်မင်းကွတ်သီးက ရှုံးတယ်။ အရင်က တစ်လုံးကို ၆၀၊ ၇၀ ရတဲ့ဟာက အခုဆို ၄၀၊ ၅၀ တောင် မရချင်ဘူး"ဟုညည်းတွားပြောဆိုသည်။
လှိုင်နေတဲ့ နာနတ်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ မှနာနတ်သီးများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ဝင်ရောက်နေပြီး စိုက်ပျိုးရေးအသီး များလည်းဝင်ရောက်လျက်ရှိကြောင်း သီ ရိမင်္ဂလာဈေးအတွင်းရှိ မိုးခိုင်ရွှေစိမ်း နာ နတ်သီးပွဲရုံမှ မမိုးပပလှိုင်က ပြောကြား သည်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ နာနတ် သီးမှာ တစ်ရက်လျှင် ၁၂ ဘီးကားအစီး ရေ သုံးစီးခန့်ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဈေးအတွင်းသို့တစ်ရက်လျှင် အလုံးရေ သောင်းနှင့်ချီဝင်ရောက်လျက်ရှိကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။ ယခုအချိန်သည် နာနတ်သီးရာသီသို့ ရောက်လာသဖြင့် မြို့တွင်းဖြုန်းအားနှင့် နယ်တင်ပို့မှုပေါင်းလိုက်ပါက တစ်နေ့ ဝင်ရောက်သည့်ပမာဏကိုတစ်နေ့ရောင်း၍ ကုန်ပြီး မြို့တွင်းလက်လီသမားများနှင့် အအေးဆိုင်များမှ အဝယ်စွဲသဖြင့် မြို့ တွင်းဖြုန်းအားပိုများကြောင်း ဈေးရုံ(ခ) အတွင်းရှိ နာနတ်ပွဲရုံပိုင်ရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။ "ကားခကတော့ ပုံမှန်ပါပဲ။ သီပေါ ကနေ ရန်ကုန်ထိတစ်လုံးကို ကျပ် ၁၃၀ ပဲ။ နောက်ပြီး မှော်ဘီ၊ တိုက်ကြီးနဲ့ ကျိုက် ထိုဘက်တွေကလည်း စိုက်ပျိုးရေးအသီး တွေဝင်တယ်"ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ နာနတ်သီးတစ်လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် ၂၅၀ မှ၊ ကျပ် ၇၀ဝ အထိရှိပြီး ဧရာဝတီ တိုင်းဒေသကြီးအတွင်းသို့ အများဆုံး တင်ပို့ပေးနေရကြောင်း ၄င်းကဆက်လက် ပြောကြားသည်။
နယ်ဈေးကွက်ကျလာတဲ့ စပျစ်
ရမည်းသင်းမြို့မှ ဝင်ရောက်လာသော မိုးစပျစ်များမှာ ဇူလိုင်လဆန်းပိုင်းမှစတင် ၍နယ်ဈေးကွက် ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ စပျစ်သီးများ လက်လီလက်ကား ရောင်းချပေးနေသော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ယခင်က ဧရာဝတီတိုင်းဒေသကြီး၊ မြိတ်နှင့် ထားဝယ်မြို့များမှ ပုံမှန်ဝယ်ယူ နေသော်လည်း ယခုရက်ပိုင်းမိုးရွာသွန်း မှု ပိုမိုများပြားလာခြင်းကြောင့် မြိတ်နှင့် ထား ဝယ်မြို့များမှ အဝယ်ရပ်သွားကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။ ရန်ကုန်မြို့တွင်း ရောင်းအားကျဆင်း နေချိန်တွင် နယ်ဈေးကွက်ကိုသာ အဓိက အားထားရောင်းနေရပြီး ယခုဧရာဝတီတိုင်း ဒေသကြီးကိုသာ အဓိကထားတင်ပို့နေရ ကြောင်း ညွန့် သစ်သီးပွဲရုံမှဒေါ်အေးသန်း ကဆက်လက်ပြောကြားသည်။ "မြို့တွင်းက မိုးရွာရင် မရောင်းရဘူး၊ မိုးမရွာမှနည်းနည်း အဝယ်စွဲတာ"ဟု၎င်း ကဆိုသည်။ ယခုလက်ရှိ တစ်ရက်လျှင် စပျစ်သီး ဖာ ၂၅၀ဝ၊ ၃၀ဝ၀ ပုံမှန်ဝင်ရောက်လျက် ရှိပြီး မိုးမရွာပါက တစ်ရက်စာဝင်ရောက် သည့်ပမာဏကို တစ်ရက်ရောင်း၍ကုန် ကြောင်း၎င်းက ဆက်လက်ပြောကြား သည်။ ယခုလက်ရှိ စပျစ်သီး B.B.B.Q တစ်ပုံးလျှင် ကျပ် ၄၀ဝ၀-၅၀ဝ၀၊ ရှယ် တစ်ပုံးလျှင် ကျပ် ၂၅၀ဝ-၃၀ဝ၀၊ ပန်း ကြား(အစိမ်း) တစ်ပုံးလျှင် ကျပ် ၂၀ဝ၀ ခန့်ရှိကြောင်း သိရသည်။
သရက်ပွဲစားများ အရှုံးဘက်တန်းနေ
မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်း ပြည်နယ်မှ ဝင်ရောက်လာသော သရက် သီးများမှာ ဈေးကွက်အနေအထားနှင့် ရာသီဥတုကြောင့် အရှုံးဘက်သို့တန်းနေ ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ သရက် သီးပွဲရုံပိုင်ရှင်တစ်ဦးကပြောကြားသည်။ " အခုဈေးကွက်မှာ စိန်တစ်လုံးပဲ ဈေး ကောင်းရနေတာ။ ကျန်တဲ့အသီးတွေက တော့ ရောင်းမကောင်းဘူး" ဟု၎င်းကဆို သည်။ ယခုအပတ်အတွင်း ဧရာဝတီတိုင်း ဒေသကြီးမှ အသီးများလည်း ပြန်လည် ဝင်ရောက်လာပြီး ဧရာဝတီတိုင်းဒေသကြီး မှ တစ်ခေါက်သာထွက်ခဲ့ရာမှ ယခုအပတ် အတွင်းနောက်တစ်ကြိမ်ပြန်လည်ဝင်ရောက် လာခဲ့ကြောင်း သိရသည်။ ယခင်သီရိမင်္ဂလာဈေးဟောင်းတွင် သရက်သီးလုပ်ကိုင်သူများအရှုံးမရှိခဲ့ရာမှ ယခု ဈေးတွင် နှစ်နှစ်ဆက်တိုက်အရှုံး ပေါ်ခဲ့ပြီး ယခုနှစ်တွင်လည်း အရှုံးဘက် သို့တန်းနေကြောင်း ၄င်းကဆက်လက်ပြော ကြားသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ ဝင်ရောက် လာသော သရက်သီးများအား မော်လမြိုင် မြို့သို့အဓိကတင်ပို့နေရပြီး မြိတ်နှင့် ထား ဝယ်မှလည်း အဝယ်ရှိကြောင်း နယ်သစ်ဦး ပွဲရုံမှ ဦးကျော်လေးကပြောကြားသည်။ ယခုလက်ရှိ မန္တလေးရင်ကွဲ တစ်တာ လျှင် ကျပ် ၇၀ဝ၀-၁၀ဝ၀ဝ၊ရှမ်းပြည်နယ် ရင်ကွဲတစ်တာလျှင် ကျပ် ၆၀ဝ၀-၉၀ဝ၀၊ မချစ်စု တစ်တာလျှင် ကျပ် ၇၀ဝ၀- ၁၁၀ဝ၀ ရှိကြောင်း သရက်ပွဲစားများက ဆိုသည်။ စိန်တစ်လုံးသရက်သီး တစ်တာလျှင် ကျပ် ၁၇၀ဝ၀မှ ၂၂၀ဝ၀ အထိ ရှိကြောင်း ယခုလကုန်ပိုင်းတွင် ဆွာမြို့မှ သရက်သီး များစတင်ဝင်ရောက်လာမည်ဖြစ်သဖြင့် လာမည့်သရက်ဈေးကွက် အနည်းငယ် လျော့ကျလာနိုင်ကြောင်းပွဲစားအများစုက သုံးသပ် ပြောကြားသည်။