YOYARLAY

မြေခွန်သက်သာခွင့်စနစ် ရပ်ဆိုင်းလိုက် ခြင်းက မြေဈေးကစားသူများ အခက် တွေ့နိုင်

မြေခွန်သက်သာခွင့်စနစ် ရပ်ဆိုင်းလိုက်ခြင်းက မြေဈေးကစားသူများ အခက်တွေ့နိုင်ပြည်တွင်း မြေဈေးများ တစ်ဟုန်ထိုး မြင့်တက် လာရန် တွန်းအား ဖြစ်ခဲ့သည့် အခွန် သက်သာခွင့်ကို ငါးနှစ် သက်တမ်း ပြည့်ချိန်တွင် ရပ်ဆိုင်း လိုက်သဖြင့် မြေအရောင်းအဝယ် ဈေးကစားနေသူများ အခက်ကြုံလာမည် ဖြစ်ကြောင်း  စီးပွားရေးလုပ်ငန်းရှင် များက သုံးသပ်ပြောကြားသည်။

လက်ရှိ အခွန်သက်သာခွင့် စနစ်သစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်လည်း (မည်သည့်လုပ်ငန်းမှမဆို ရသည့်ငွေဖြစ်စေ) ဝင်ငွေခွန် ရှစ်ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ပါက ခြံမြေများ တရားဝင် အမည်ပေါက်ဖြင့် ဝယ်ယူနိုင်ပြီး သြဂုတ် ၁၂ ရက်တွင် ပြန်လည် ကျင့်သုံးလိုက်သည့် အခွန်စနစ် တည်ဆဲဥပဒေတွင်မူ ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခွန် ခုနစ်ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

သို့သော် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် တံဆိပ်ခေါင်းခွန်မှာ ခုနစ်ရာခိုင်နှုန်းနှင့် ကျန်ဒေသများတွင် အရောင်းအဝယ် လုပ်ပါက ၁၅ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည် ဖြစ်သည်။ ဝင်ငွေရလမ်း ဖော်ပြနိုင်ပါက ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် မဟုတ်ဘဲ တံဆိပ်ခေါင်းခွန်သာ ပေးဆောင်ရမည် ဖြစ်သည်။

“အခွန်လျှော့ပေါ့ သက်သာခွင့်ကို သက်တမ်း ဆက်မတိုးတော့တာပါ။ တည်ဆဲဥပဒေနဲ့ပဲ ဆက်ပြီးသွားမယ်” ဟု ပြည်တွင်းအခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ဆိုသည်။ ယခု ကျင့်သုံးမည့် တည်ဆဲဥပဒေ အခွန်နှုန်းထားမှာ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီ မူလဥပဒေအရဆိုပါက ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် ဝင်ငွေခွန် ၄၁ ရာခိုင်နှုန်းထိ ပေးရခြင်းဖြစ်သည်။

“ဝယ်ရောင်းအတွက် ကိုင်ထားသူတွေတော့ ဂယက်ရိုက်မှာပဲ။ အရောင်းအဝယ်လည်း အေးသွားနိုင်တယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ပြည်တွင်း အိမ်မြေဈေးကွက်တွင် အခွန်စနစ် သက်သာခွင့်ကြောင့် အရောင်းအဝယ်များစွာ ကောင်းခဲ့ပြီး ငါးနှစ်အတွင်း ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။

ယင်းကဲ့သို့ မြေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးများ ဖြစ်ခဲ့သလို ပြည်တွင်း ထုတ်ကုန် လုပ်ငန်းရှင်များ လုပ်ငန်းချဲ့ထွင်မှုကိုလည်း အတားအဆီး ဖြစ်ခဲ့သည်။ ငွေကြေးတတ်နိုင်သူများက ဝယ်ယူရင်းနှီးမြှုပ်နှံမှုများကြောင့် စက်မှုဇုန်များတွင်လည်း မြေကွက်တိုင်းသာရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း စက်မှုဇုန် ဥက္ကဋ္ဌတစ်ဦးကလည်း ရှင်းပြသည်။ အိမ်ခြံမြေ အခွန်စနစ်သစ်ကို စတင်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ အိမ်မြေဈေးကွက်မှာ လှုပ်ရှားလာခဲ့သည်။

ပြည်တွင်း နိုင်ငံသားများသာမက ပြည်ပနိုင်ငံမှ လုပ်ငန်းရှင်များပါ အခွန်သက်သာခွင့်ကို အခွင့်ကောင်းယူ၍ ဝင်ကစားခဲ့မှုကြောင့် မြေဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တို့က ဆိုသည်။ “ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးက ဟောလိဝုဒ်ကဈေးထက် မြင့်နေတယ်။ ဒါဟာ ပြည်တွင်း စီးပွားရေးအတွက် လွဲမှားနေတာပဲ” ဟု စီးပွားရေးပညာရှင် ပါမောက္ခဟောင်း တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ရခြင်းမှာ ခြံမြေသည် အလားအလာကောင်းများရှိခြင်း၊ ငွေမည်းမှ ငွေဖြူသို့ ပြောင်းလဲနိုင်ခွင့် ရနေခြင်း၊ နိုင်ငံအတွင်း အရင်းအနှီးများ ဝင်ကစားနိုင်သည့် အရင်းအနှီး ဈေးကွက်များ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းကို အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရသည့် စနစ်သည် ၂၀၀၇ ခုနှစ်မှစ၍ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးခဲ့ရာ ယခု သက်တမ်းပြည့်သွားပြီ ဖြစ်သည်။

 

ပြည်သိမ်း

7Day News

ကြော်ငြာများ