YOYARLAY

ထားဝယ် စီမံကိန်း အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ ဂျပန် ချေးငွေမျှော်

 ထားဝယ်စီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ ဂျပန် ချေးငွေမျှော်ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ လိုအပ်မည့် ထားဝယ် ရေနက် ဆိပ် ကမ်း ဆောက် လုပ်ရေး ပထမအဆင့် စီမံကိန်းအတွက် ကုန်ကျငွေ၏ ၇၅ ရာခိုင်နှုန်းကို အတိုးနှုန်း နည်းပါးစွာဖြင့် ဂျပန်မှ ရရှိရန် မျှော်လင့်ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီက ဆိုသည်။ Japan Bank for Interna-tional နှင့် the Japan International Cooperation Agency တို့မှ ဘဏ္ဍာရေး အကူအညီ ရရှိရန် မျှော်လင့်ပြီး ဂျပန် ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ထားဝယ် စီမံကိန်း၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက် ရှိကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ DDC ၏ အုပ်ချုပ်မှုဒါရိုက်တာ ဆုမ်ချက်သီနာပွန်က ဘန်ကောက်ပို့စ် သတင်းကို ပြောဆိုထားသည်။ ယင်းအတွက် ဇူလိုင်လ ၁၆ ရက်မှ ၁၇ နေ့အထိ အီတာလျံ၊ ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌပရီချိုင်း ဂျပန်သို့ ဘဏ္ဍာငွေ ရှာပုံတော်ခရီး ထွက်မည် ဖြစ်သည်။

ရှယ်ယာ လေးပုံတစ်ပုံ ပိုင်ဆိုင်ထားသော Max Myanmar ကုမ္ပဏီ ထားဝယ်စီမံကိန်းမှ နုတ်ထွက်ရန် အတည်ပြုပြီးနောက်ပိုင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံသူ ငါးဦးခန့်မှာ ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာပြီး အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ဆွေးနွေးနေကြောင်း DDC က နိုင်ငံတကာ သတင်းမီဒီယာများကို ပြောဆိုထားသည်။ အီတာလျံ-ထိုင်း ကုမ္ပဏီ အနေနှင့် ထားဝယ် အထူးစီးပွားရေးဇုန်ကဲ့သို့ ကြီးမားသော စီမံကိန်းကို တစ်ဦးတည်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဘဲ မိတ်ဖက် ရင်းနှီးမြှုပ်နှံသူများ ရှာဖွေရန် လိုအပ်ကြောင်း ဘန်ကောက်အခြေစိုက် ထားဝယ်စီမံကိန်းဆိုင်ရာ သုတေတီတစ်ဦးက သုံးသပ်သည်။ “အီတာလျံ-ထိုင်းက သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာရာခိုင်နှုန်းတောင်မှ အပြည့်အဝ မလုပ်နိုင်ဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ DDC တွင် အီတာလျံ-ထိုင်းက ရှယ်ယာ ၅၀ ရာခိုင်နှုန်း ရယူမည်ဖြစ်ကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။

စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီ တစ်ခုတည်း ပိုင်စိုးလုပ်ကိုင်မည့်အစား ဂျပန်နှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများ ဖက်စပ်ပါဝင်သွားမှသာ ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း ဗဟိုအဖွဲ့မှ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက Dawei Watch သို့ ပြောကြားသည်။ “အီတာလျံ-ထိုင်းဘက်က ပြောနေတာတော့ ဂျပန်ကလည်း သူတို့ဆီမှာ ပါမယ်။ တရုတ်ကလည်း စိတ်ဝင်စားတယ်၊ နိုင်ငံတကာလည်း စိတ်ဝင်စားတယ်။ ဒါမျိုးတော့ ပြောနေတယ်။ ဒါပေမဲ့ လက်တွေ့မှာ အီတာလျံ-ထိုင်းက အရင်းအနှီး ကြီးကြီးမားမား မရှိဘူး” ဟု ၎င်းက ဆိုသည်။ ထားဝယ်စီမံကိန်းကို ငွေကြေးထောက်ပံ့ရန် မြန်မာ၊ ထိုင်းနှင့် ဂျပန်တို့ ပါဝင်သော သုံးပွင့်ဆိုင်အဖွဲ့ ထူထောင်ရန် သတင်းထုတ်ပြန်ခဲ့ဖူးသော်လည်း နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

DDC သည် ထားဝယ် အထူးစီးပွားဇုန် စီမံကိန်း တည်ဆောက်ရန် ကနဦး သဘောတူထားသော ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ သန်း ၁၀၀ ပေးဆပ်ရန် မပြည့်မီသေးဟု သိရသည်။ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ ကုန်ကျမည့် ထားဝယ်အထူးစီးပွားဇုန် စီမံကိန်း တည်ဆောက်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် အစိုးရနှင့် DDC တို့ သဘောတူလက်မှတ်ထိုးခဲ့ပြီး ကနဦး ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့သည်။ မဲခေါင်ဒေသ အနောက်ဘက် တံခါးပေါက်တစ်ခုဖြစ်လာမည်ဆိုသော ထားဝယ်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းအပြင် ရေနံဓာတုစက်ရုံများ၊ သံမဏိစက်ရုံ စသည့် အကြီးစား စက်မှုလုပ်ငန်းများအပြင် အသေးစားနှင့် အလတ်စား စက်ရုံများလည်း ပါဝင်မည်ဖြစ်သည်။

Dawei Watch

Popular News

ကြော်ငြာများ